Friday, December 18, 2015

ဗုဒ္ဓဝင်ဖြစ်စဉ် အကျဉ်းချုပ်

ဗုဒ္ဓဝင်ဖြစ်စဉ် အကျဉ်းချုပ်

၁။ လူအမည် သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ ဂေါတမ
၃။ မိဘအမည် သုဒ္ဓေါဒနမင်းနှင့် သိရီမဟာမာယာဒေဝီ
၎။ ကြင်ရာတော် ဘဒ္ဒကဉ္စနာယသော်ဓရာမင်းသမီး
၅။ ရင်သွေးတော် ရာဟုလာမင်းသား
၆။ ယောက်ဖတော် ဒေဝဒတ်
၇။ မိထွေးတော် ဂေါတမီ
၈။ နေပြည်တော် ကပိလဝတ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန လုမ္ဗိနီဥယျာဉ်
၁၀။ နန်းစံနှစ် ၁၃-နှစ်ကြာ (၁၆-နှစ်မှ ၂၉- နှစ်အထိ)
၁၁။ နိမိတ်ကြီးများ သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် သုမိတ္တာအမျိုးသမီ (ယသော်ဓရာအလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘဝမှ ဝေဿန္တရာ ဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် သတ္တဝါအများအကျိုးကို ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်သည့်နေရာ ဥရုဝေလတော
၁၉။ ဒုက္ကရစရိယာ အဓိပ္ပါယ် ခဲယဉ်းစွာကျင့်ရသောအကျင့်
၂၀။ ဒုက္ကရစရိယာကျင့်သောနှစ် ၆-နှစ် (မဟာသက္ကရာဇ် ၉၇ ခုနှစ်မှ ၁၀၃ ခုနှစ်အထိ)
၂၁။ တောထွက်တော်မူသောအသက် ၂၉-နှစ်
၂၂။ ဘုရားဖြစ်တော်မူသောအသက် ၃၅-နှစ်
၂၃။ ဘုရားပွင့်ချိန်သက်တမ်း ၁၀၀- နှစ်
၂၄။ အလုပ်အကျွေး ပဉ္စဝဂ္ဂီ ငါးဦး




၂၅။ ပဉ္စဝဂ္ဂီငါးဦးအမည်

ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ

၂၆။ တရားစဟောသည့် နေရာ ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၂၇။ ပထမဦးဆုံးသော သာဝက ပဉ္စဝဂ္ဂီငါးဦး
၂၈။ နောက်ဆုံးသာဝက သုဘဒ္ဒပရိဗိုဇ်
၂၉။ လက်ယာရံအဂ္ဂသာဝက အရှင်သာရိပုတ္တရာ
၃၀။ လက်ဝဲရံအဂ္ဂသာဝက အရှင်မဟာမောဂ္ဂလာန်
၃၁။ အဆုံးအမသာသနာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၃၂။ ကျင့်စဉ်သိက္ခာ သီလ၊ သမာဓိ၊ ပညာ
၃၃။ ချမှတ်သောလမ်းစဉ် မဇ္ဈိမပဋိပဒါ
၃၄။ သန္ဓေယူသောနေ့ မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၅။ ဖွားမြင်တော်မူသောနေ့ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၆။ တောထွက်တော်မူသောနေ့ မဟာသက္ကရာဇ် ၉၇-ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၇။ ဘုရားဖြစ်တော်မူသောနေ့ မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
၃၈။ ဓမ္မစကြာတရားဟောသောနေ့ မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့်၊ စနေနေ့
၃၉။ ပရိနိဗ္ဗာန်စံယူတော်မူသောနေ့ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၄၀။ ပရိနိဗ္ဗာန်စံချိန် သက်တော် သက်တော် ၈၀၊ (ဝါတော်- ၄၅)
၄၁။ တေဇောဓာတ်လောင်သောနေ့ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက် တနင်္ဂနွေနေ့
၄၂။ တေဇောဓါတ်လောင်ရာဌာန ကုဿိန္နာရုံပြည်၊ မကုဋဗန္ဓန(ဗန်ဓန) အရပ်ဖြစ်ပါသည်။
၄၃။ တေဇောဓာတ်လောင်သောအကြောင်း ဘုရားရှင်၏ အဓိဋ္ဌာန်ကြောင့်ဖြစ်ပါသည်။
၄၄။ ကြွင်းကျန်သောဓါတ်တော်များ ၈-စိတ်၊ (၁၆-ပြည်သား)
၄၅။ ဓာတ်တော်အရောင်းအဆင်း အချို့မြတ်လေးငုံ၊ အချို့ပုလဲ၊ အချို့ရွှေအဆင်း
၄၆။ မပြိုကွဲသောဓာတ်တော် ညှပ်ရိုးတော်နှစ်ဆူ၊ စွယ်တော်လေးဆူ၊ နဖူးသင်းကျစ်တော်
၄၇။ ဓါတ်တော်ဝေသောသူ ဒေါဏပုဏ္ဏား
၄၈။ ဓါတ်တော်အရွယ်အစား အငယ်ဆုံး- မုန့်ညှင်းစေ့ခန့်၊ အလတ်ဆုံး- ဆန်ကျိုးခန့်၊ အကြီးဆုံးမှာ ပဲနောက်စေ့အရွယ်ဖြစ်သည်။
၄၉။ နောက်ဆုံးပူဇော်ခွင့်ရသူ အရှင်မဟာကဿပမထေရ်

၅၀။ ဖွားဖက်တော် ရ-ဦး

ညီတော်အာနန္ဒာ၊ ဗောဓိပင်၊ ကာဠုဒါယီအမတ်၊ ယသော်ဓရာမိဖုရား၊ ဆန္နအမတ်၊ ရွှေအိုးကြီးလေးလုံး၊ ကဏ္ဍကမြင်း

(ဆောင်။ အာ၊ဗော၊ ကာ၊ ယ၊ ဆန်၊ ရွှေ၊ ကဏ်)

၅၁။ ဘုရားအလောင်းတော် နောက်ဆုံးစားရသောဆွမ်း သုဇာတာသူဋ္ဌေးသမီး၏ ဃနာနို့ဆွမ်း
၅၂။ ဃနာနို့ဆွမ်းကို ဘုဉ်းပေးသည့်နေရာ အဇပါလညောင်ပင်ရင်း
၅၃။ ဆွမ်းစားပြီးနောက် ကြွရာအရပ် ဗောဓိပင်သို့ ကြွနော်မူသည်
၅၄။ ဘုရားရှင်၏ နောက်ဆုံးဆွမ်း စုန္ဒရွှေပန်းတိမ်သည်၏ ဝက်ပျိုသားဆွမ်း
၅၅။ မြက်ရှစ်ဆုပ် လှူဒါန်းသူ သုဒ္ဓိယ-ငစင်။(သောတ္ထိယ-မောင်ချမ်းသာ)

၅၆။ အပရာဇိတပလ္လင် ဖြစ်ပေါ်လာပုံနှင့် အသုံးပြုပုံ

ဘုရားအလောင်းတော်သည် မြက်ရှစ်ဆုပ်ကို အလှူခံပြီးနောက် ဗောဓိပင်ရင်း၌ ကြဲဖြန့်လိုက်သောအခါ အပရာဇိတပလ္လင် ဖြစ်ပေါ်လာပါသည်။ ယင်းပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူပါသည်။
၅၇။ ဘုရားအလောင်းတော် ရရှိသောဉာဏ်စဉ်နှင့် ဘုရားအဖြစ်သို့ ရောက်တော်မူပုံ
ဘုရားအလောင်းတော်သည် နေမဝင်မီ ဒေဝပုတ္တမာရ်ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယာမ်၌ ရှေးဘဝဖြစ်ခဲ့ဘူး၊ နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့တက်သိတက်သော
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။
သန်းခေါင်ယာမ်၌ နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီဖြစ်သော သတ္တဝါတို့ကို မြင်တက်သိတက်သော ဒိဗ္ဗစက္ခုဉာဏ်၊
မိုးသောက်ယာမ်၌ အာသဝေါတရားလေးပါတို့၏ ကုန်ခြင်းကိုပြုတတ်သော အာသဝက္ခယဉာဏ် တို့ကို ရတော်မူပါသည်၊ အာသဝက္ခယဉာဏ်ကို ရတော်မူသည်နှင့်တစ်ပြိုင်နက် သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်ရှိတော်မူပါသည်။

၅၈။ ပါရမီ သုံးပါး

(၁)ရွှေ၊ ငွေ၊ ဆင်၊ မြင်း စသည်တို့ကို လှူဖြင်းဟူသော ဒါနပါရမီ။
(၂) ခြေ၊ လက်၊ နှာခေါင်း စသည်တို့ကို လှူခြင်းဟူသော ဒါနဥပပါရမီ။
(၃) ကိုယ့်အသက်ကို လှူခြင်းဟူသော ဒါနပရမတ္ထပါရမီ။

၅၉။ စွန့်ခြင်းကြီး ငါးပါး

(၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စင်္ကြာမင်းတို့၏ စည်းစိမ်ဥစ္စာတို့ကို စွန့်ခြင်းဟူသော ဓနပရိစ္စာဂ။
(၂) သားသမီးတို့ကို စွန့်ခြင်းဟူသော ပုတ္တပရိစ္စာဂ။
(၃) မယားကို စွန့်ခြင်းဟူသော ဘရိယပရိစ္စာဂ။
(၄) ခြေ၊ လက်၊ နား၊ နှခေါင်း စသောအင်္ဂါကြီးငယ်တို့ကို စွန့်ခြင်းဟူသော အင်္ဂပရိစ္စာဂ။
(၅) ကိုယ့်အသက်ကို စွန့်ခြင်းဟူသော ဇီဝိတပရိစ္စာဂ။

၆၀။ ကြည့်ခြင်းကြီး ငါးမျိုး

(၁) ကာလ= ဘုရားဖြစ်ရာ အချိန်ကာလ။
(၂) ဒီပ= ဘုရားဖြစ်ရာ ကျွန်း။
(၃) ဒေသ= ဘုရားဖြစ်ရာ အရပ်ဒေသ။
(၄) ကုလ= ဘုရားဖြစ်ရာ အမျိုးအနွယ်။
(၅) မာတုအာယုပရိစ္ဆေဒ= ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ အသက်အပိုင်းအခြား။
၆၁။ ဗုဒ္ဓ= သစ္စာလေးပါးကို ကိုယ်တော်တိုင်သိတော်မူပြီး သူတစ်ပါးတို့ကိုလည်း သိစေတော်မူတက်သော ကြောင့် ဗုဒ္ဓဟုခေါ်ပါသည်။
၆၂။ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်= မြတ်စွာဘုရားရှင်၏ စကားတော်သည် ဗုဒ္ဓဘာသာမည်ပါသည်။ မြတ်စွာဘုရားရှင် အဆုံးအမစကားတော်ကို လိုက်နာကျင့်သုံးသူသည် ဗုဒ္ဓဘာသာဝင် မည်ပါသည်။

၆၃။ ဗုဒ္ဓဘာသာဝင်တစ်ဦး ပြည့်စုံရမည့်အင်္ဂါ(၅)ရပ်

(၁) ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်း။
(၂) တရားတော်ကို ကိုးကွယ်ဆည်းကပ်ခြင်း။
(၃) သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ခြင်း။
(၄) ကံကို ယုံကြည်ခြင်း။
(၅) ကံ၏ အကျိုးကို ယုံကြည်ခြင်း။

ပါရမီဆယ်ပါး

၁။ ဒါနပါရမီ= စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
၂။ သီလပါရမီ= ကိုယ့်ကျင့်သီလကောင်းအောင် စောင့်ထိန်းခြင်း
၃။ နေက္ခမ္မပါရမီ= တောထွက်ခြင်း (မကောင်းမှုမှ ရှောင်ကြဉ်ခြင်း)
၎။ ပညာပါရမီ= ပညာဖြင့် အများအကျိုးသယ်ပိုးခြင်း (လောကီလောကုတ္တရာ ပညာများကို သင်ကြားပို့ချခြင်း)
၅။ ဝီရိယပါရမီ= ကြိုးစားအားထုတ်ခြင်း
၆။ ခန္တီပါရမီ= သည်းခံခြင်း
၇။ သစ္စာပါရမီ= မှန်ကန်သောစကားကိုသာ ပြောဆိုခြင်း
၈။ အဓိဋ္ဌာနပါရမီ= စိတ်ဓာတ်မြဲမြံခိုင်ခံ့အောင် ဆောက်တည်ခြင်း
၉။ မေတ္တာပါရမီ= မေတ္တာဓာတ် အပြည့်အဝထားခြင်း။ (သတ္တဝါအားလုံးတို့ကို ချမ်းသာစေခြင်း၊ ကောင်းစေချင်သောစိတ် အမြဲတည်ရှိခြင်း)
၁၀။ ဥပေက္ခာပါရမီ= လျစ်လျူရှုခြင်း။ (ဘက်မလိုက်ဘဲ မျှတစွာကျင့်သုံးခြင်း၊ မိတ်ဆွေရန်သူ နှစ်ဦးတို့အပေါ်၌ ချစ်စိတ်မုန်းစိတ် မရှိခြင်း)


ဆောင်။ ။ ဒါန သီလာ နေက္ခမ္မာ၊ ပညာ ဝီရိယာ၊ ခန္တီ သစ္စံ၊ အဓိဋ္ဌာန်၊ မေတ္တံ ဥပေက္ခာ၊ ပါရမီဆယ်တန်၊ အရင်းခံ မှတ်ရန် ဒသတာ။
(from http://ashinmandalabkc.blogspot.com/2013/06/blog-post_24.html)

No comments:

Post a Comment