Showing posts with label short story. Show all posts
Showing posts with label short story. Show all posts

Saturday, January 16, 2016

Short stories by Edgar Allan Poe

manuscript found in a bottle
https://en.m.wikipedia.org/wiki/MS._Found_in_a_Bottle
Unauthorized story about the author
http://poestories.com/biography.php

Tell Tale Heart by Edgar Allan Poe - Short Story Read Aloud

Tuesday, August 11, 2015

"ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ"

by Nine Nine Sanay @ နိုင်းနိုင်းစနေ

ကျောင်းပြီးပြီးငါးနှစ်အကြာ... မင်္ဂလာဆောင်ပြီးသူတွေက တစ်ဝိုင်း၊ မင်္ဂလာမဆောင်သေးသူတွေက တစ်ဝိုင်း
၁ဝနှစ်အကြာ... ကလေးရှိသူတွေက တစ်ဝိုင်း၊ ကလေးမရှိသူတွေက တစ်ဝိုင်း
၁၅နှစ်အကြာ... လက်ရှိအိမ်ထောင်နဲ့က တစ်ဝိုင်း၊ နောက်တစ်ယောက်ပြောင်းယူထားသူတွေက တစ်ဝိုင်း
၂ဝနှစ်အကြာ... အသောက်ကြမ်းသူတွေက တစ်ဝိုင်း၊ သိပ်မသောက်သူတွေက တစ်ဝိုင်း
၂၅နှစ်အကြာ... ပြည်တွင်းနေသူတွေက တစ်ဝိုင်း၊ ပြည်ပကပြန်လာသူတွေက တစ်ဝိုင်း
၃ဝနှစ်အကြာ... အသားစားသူတွေက တစ်ဝိုင်း၊ သက်သတ်လွတ်သမားတွေက တစ်ဝိုင်း
၃၅နှစ်အကြာ... ပင်စင်ယူပြီးသူတွေက တစ်ဝိုင်း၊ ပင်စင်မယူရသေးသူတွေက တစ်ဝိုင်း
၎ဝနှစ်အကြာ... သွား" ရှိသူတွေက တစ်ဝိုင်း၊ သွား" မရှိတော့သူတွေက တစ်ဝိုင်း
၄၅နှစ်အကြာ... ကိုယ်တိုင်လာနိုင်သူတွေက တစ်ဝိုင်း၊ တွဲပြီးခေါ်လာရသူတွေက တစ်ဝိုင်း
၅ဝနှစ်အကြာ... လာမယ်လို့ပြောပြီး လာတဲ့သူတွေက တစ်ဝိုင်း၊ လာမယ်လို့ပြောပြီး မလာနိုင်တဲ့သူတွေကြောင့် လွတ်နေတာက တစ်ဝိုင်း
၅၅နှစ်အကြာ... လာနိုင်သူတွေက တစ်ဝိုင်း၊ မလာနိုင်တော့တဲ့သူတွေရဲ့ ဓာတ်ပုံတွေက တစ်ဝိုင်း
၆ဝနှစ်အကြာ... စားပွဲတစ်ဝိုင်းပြည့်အောင် လူတွေ မစုံနိုင်တော့ပါ....

လူ့ဘဝက တိုတောင်းလွန်းတယ်၊ ဒီစာကိုကြိုက်နှစ်သက်ရင် သင့်ကျောင်းနေဖက် သူငယ်ချင်းကောင်းတွေကိုလည်း မျှဝေပေးလိုက်ပါ...
လူ့ဘဝမှာ ပျော်ပျော်နေဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အစားအသောက်တွေ ဆင်ခြင်ဖို့ သတိပေးလိုက်ပါ...
အသက်ရှင်နေချိန်မှာ အရာရာဟာလှပပါတယ် . . .

*** ထိုင်ဝမ်မှာ ကျောင်းအတူတက်ခဲ့ကြတဲ့ မြန်မာပြည်က ကျွန်မသူငယ်ချင်းတချို့က WeChatမှာ Group လုပ်ပြီး ပြောကြဆိုကြ ဆက်သွယ်ကြတယ်။ တစ်နေ့က အဲဒီGroup ထဲ သူငယ်ချင်းတစ်ယောက်ဖိတ်လို့ ကျွန်မရောက်သွားတယ်။ မတွေ့တာနှစ်တော်တော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ၊ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေကို တွေ့တယ်။ အားလုံးက ကလေးတွဲလဲကြီးတွေနဲ့... သူတို့ပြောတာ နားထောင်လိုက်၊ ရယ်လိုက်၊ ဓာတ်ပုံကြည့်လိုက်ပေါ့။ ညီမငယ်တစ်ယောက်က ဒီမိတ်ဆုံစားပွဲ"စာကို မျှဝေလာတော့ စစချင်းမှာ ကျွန်မဖတ်ပြီး ရယ်မိသေးတယ်။ စစဖတ်တော့ ဟာသလိုလို ဘာလိုလိုကိုး၊ ဖတ်ရင်း ဖတ်ရင်း အောက်ဆုံးနားရောက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်... ဝမ်းနည်းသလိုလို ဘာလိုလိုနဲ့ ဘယ်လိုခံစားချက်မျိုးလဲ မပြောတတ်ဘူး။ ကျွန်မတို့သူငယ်ချင်း အချင်းချင်းဆုံဖြစ်ရင်လည်း ဒီစာထဲကအတိုင်း ဘယ်သူက ဘာဖြစ်နေပြီ.. ဘယ်သူက ဘာဖြစ်သွားပြီနဲ့ ပြောတတ်ကြတယ်။ တကယ်လည်း ဘဝဆိုတာ တိုတိုလေးရယ်.. နှစ် ၆ဝအကြာကို ကိုယ်လည်းခဏဏလေးနဲ့ ရောက်သွားမှာပဲ။ ဒါမှမဟုတ် ရောက်ချင်မှလည်းရောက်မှာ။ ဒါကြောင့် အသက်ရှင်နေတုန်းလေး..
ပျော်ပျော်နေပါ.. ကျန်းမာရေးကို ဂရုစိုက်ပါ.. အမုန်းရန်ငြိုးတွေ လျော့ပါ.. အသောက်အစား ဆင်ခြင်ပါလို့... <<< ကျောင်းနေဖက်၊ ကျောင်းမနေဖက် သူငယ်ချင်းတွေကို မှာချင်ပါတယ်...

Wednesday, August 14, 2013

အာဇီဝဋ္ဌမကသီလ နှင့် စာရေးခြင်း ကျင့်ဝတ်

အာဇီဝဋ္ဌမကသီလ နှင့် စာရေးခြင်း ကျင့်ဝတ် by Author စုချစ်သူ ကျွန်မတို့မောင်နှမတွေ ငယ်ငယ် က ၄-၅-၆ နှစ်အရွယ် စပြီး စာဖတ် နိုင်တာနဲ့ တပြိုင်နက် ကျောင်းအားရက်တွေမှာ အဖိုးအဖွား အဖေအမေ တို့က အဖွားရဲ့ မောင်ဝမ်းကွဲတော်စပ်သူ ဘဘုန်း ဘုန်းကြီးကျောင်းကို ပို့ပါတယ်။ အဲဒီမှာ ဘဘုန်းသင်ပေးတဲ့ ၅ပါးသီလ ၈ပါးသီလ သီလတောင်း အပါအ၀င် ဘုရားစာများ စတင် ကျက်မှတ် ရပါတယ်။ ၀ါတွင်းကာလ ဥပုသ်နေ့တွေမှာ ကလေးတွေမို့ ၈ပါးသီလ ၉ပါးသီလ မဆောက်တည်နိုင်ရင်တောင်မှ မနက်ပိုင်း ဘုန်းကြီးကျောင်းကို လူကြီးတွေနဲ့ အတူ လိုက်ပြီး တစ်ထိုင် သီလ ဆိုတာကို ယူ၊ တရားနာရပါတယ်။ ကျွန်မတို့ အတန်းကလေး ရလာ၊ ဆယ်ကျော်သက် အရွယ် ရောက်လာတော့ မေမေက အာဇီဝဋ္ဌမကသီလ အကြောင်း စတင် သင်ပေးပါတယ်။ ၅ပါးသီလ နဲ့ အတူ အာဇီဝဋ္ဌမကသီလ ကိုပါ သမီးတို့ နေ့စဉ် ဆောက်တည် ကျင့်သုံး ရမယ်လို့ ပြောပါတယ်။ အာဇီဝ ဆိုတာ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ရတဲ့ အလုပ်မျိုးကို ခေါ် သတဲ့။ မတရား အသက်မွေးဝမ်းကျောင်းမှုကို မိစ္ဆာဇီဝ လို့ ခေါ်တယ်။ မိစ္ဆာဇီဝ မှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝ လို့ ခေါ်တယ်။ ၈ပါး မြောက် သိက္ခာပုဒ် ရှိလို့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလလို့လည်း ခေါ် ပါတယ်။ ကျွန်မတို့တတွေ ကလေးဘ၀ အလွန်၊ ဇကောဇကအရွယ်လေး ရောက်လာ၊ ကျောင်းနေပျော်တဲ့ အချိန် ရောက်လာတော့ ကျောင်းက သူငယ်ချင်း အပေါင်းအသင်းသာလျင် ကိုယ့်ဘ၀ ဆိုတာမျိုး စဖြစ်လာပြီ၊ အိမ်နီးနားချင်းတွေရဲ့အသံ ရပ်ကွက်ထဲက အသံဗလံတွေကိုလည်း နားထဲမှာ မှတ်တတ်လာပြီ၊ ရွှေသွေး၊ တေဇ၊ ကလေးကာတွန်းတွေနဲ့ မလုံလောက် အားမရနိုင်တော့ပဲ စာအုပ်အငှားဆိုင်သွားပြီး ၀တ္ထုတွေ၊ မဂ္ဂဇင်းတွေ လက်တဲ့စမ်း ငှားဖတ်တတ်လာပြီ။ အဲ့ဒီမှာ မကောင်းတာနဲ့ ကောင်းတာတွေဟာ အတူရောပါလာကြပြီ။ စိတ်တွေဟာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုနဲ့အတူ အရောင်စုံကာ ဆန်းသစ်လာကြပြီ။ ကျွန်မတို့ အိမ်အောက်ထပ်က ဦးလေးက ညနေတိုင်ကျရင် အော်... လောက... လောက လို့ ညည်းရင် ကျွန်မတို့မောင်နှမတွေ အားလုံးလည်း အော်... လောက ... လောက လို့ ဘာမှန်းမသိပဲ သူ့နောက်က လိုက်ညည်းပါတယ်။ မျက်စောင်းထိုးအိမ်က ဈေးသည် လင်မယား ရန်ဖြစ်လို့ ယောက်ျားက မိန်းမကို ဆဲရေးသလို ကျွန်မတို့ မောင်လေးဟာ ဘုမသိ ဘမသိ လိုက်ဆိုပါတယ်။ စာအုပ်ဆိုင် က ကြားလာတဲ့ ရပ်ကွက်ထဲက ပေါက်ပန်းဆေးစကားတွေ နားမလည် ပါးမလည် အိမ်မှာ ပြန်ပြောကြပါတယ်။ မောင်နှမတွေ တစ်ယောက် နဲ့ တစ်ယောက် စည်းဝါးညီနေတဲ့ အချိန်ဆို တစ်ယောက် မဟုတ်တာ လုပ်တာ တစ်ယောက်က ဖုံးကွယ် ပေးပေမယ့် ရန်ဖြစ်နေတဲ့အချိန်ဆို ဦးတဲ့သူက လူကြီးကို အရင်ပြေး တိုင်တန်း ကိုယ့်အပြစ်မရောက်အောင် မဟုတ်တရုတ် အပိုဆာဒါး တွေ အလိမ်အညာတွေပါ ထည့်ပြီး ကုန်းတိုက်ပါတယ်။ သူတစ်ပါးက ကုန်းတိုက်ရင် ကုန်းတိုက်မှန်း မသိ နောက်ကလိုက်ပြောကာ၊ အယုံလွယ် တတ်ကြပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ်လည်း သေချာမသိပဲ သူတပါးမကောင်းကြောင်း အတင်းအဖျင်း ပြောရတာကို အာတွေ့ သဘောတွေ့ နှစ်ခြိုက် လာတတ်ကြပါတယ်။ ကျွန်မတို့ မောင်နှမတတွေ ဒီလိုမျိုး စိတ်တွေ မသိမသာနဲ့ ကြမ်းတမ်းလာတာကို မေမေက ရိပ်မိလာတယ်။ ဒါကြောင့်မို့ အာဇီဝဋ္ဌမကသီလ ကို သင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဇီဝဋ္ဌမကသီလ မှာ ပထမ ၄ပါးက ၅ပါးသီလ ထဲက ရှေ့ဆုံး ၄ပါးနဲ့ အတူတူပါပဲ။ ၄ပါးမြောက် မုသာဝါဒ - မဟုတ်မမှန်သော စကားကို မပြောပါဆိုတဲ့ ကျင့်ဝတ်နဲ့ အတူ နောက်ထပ် ဆောက်တည်ရမယ့် ကျင့်ဝတ် ၄ပါးကတော့ ပိသုဏ၀ါစာ - အချင်းချင်း မုန်းတီးအောင် ကုန်းတိုက်ခြင်း၊ ဖရုသ၀ါစာ - ကြမ်းတမ်းစွာ ဆဲဆို တိုင်းထွာခြင်း၊ သမ္ဖပ္ပလာပ၀ါစာ - အကျိုးမရှိ၊ သိမ်ဖျင်းသော စကားတို့ကို ပြောဆိုခြင်း နဲ့ မိစ္ဆာဇီဝါ - မှားယွင်းတဲ့ မတရား အသက်မွေးဝမ်းကျောင်းမှု မှ ရှောင်ကျဉ်ခြင်း တို့ ဖြစ်တယ်။ တလောက ကျွန်မ တူမလေး ၀မ်းကွဲကို အသက် ၁၈နှစ်ပြည့်ပြီမို့ သူ့ကို ပထမဆုံး ဖေ့ဘုတ် အကောင့် ဖွင့်ပေးလိုက်ပါတယ်။ သူက စာရေးဝါသနာပါလို့ ဘလော့လည်း ရေးချင်တယ်၊ ဖိုရမ်တွေထဲမလည်း စာရေးချင်ပါတယ်တဲ့။ ပတ်ဘလစ်ကို စာရေးတဲ့ အခါ ဘယ်လို စည်းမျဉ်းမျိုးကို လိုက်နာ ကျင့်သုံး သင့်တယ်ထင်လဲ၊ ဘယ်လို principle မျိုး ထားရှိသင့်သလဲ ဆိုတာ ကျွန်မကို မေးလာပါတယ်။ ကျွန်မတို့ ငယ်ငယ်က မေမေ သင်ပေးတဲ့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလ ကို ကျွန်မ သတိရသွားပါတယ်။ သူနဲ့ ကျွန်မ စကားတွေပြောဖြစ်တာတော့ အများကြီးပဲ။ ဒါပေမယ့် အတိုချုပ် သူ့ကို ကျွန်မပြောလိုက်တာကတော့ စာ စ ရေးတဲ့သူတွေဟာ ကိုယ့်ခံစားချက်တွေ ကိုယ့်အကြောင်းတွေ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတာတွေကို ခံစားရသလို မြင်သလို ရေးတာပဲ ဖြစ်တာမို့ ကိုယ်ရေးသမျှ ဟာ တခါတခါ သူများအတွက် အကျိုးရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး၊ သို့သော် ကိုယ်ရေးလိုက်တဲ့စာကြောင့် သူတစ်ပါးအကျိုး မမဲ့ပါစေနဲ့လို့။ ဆိုတော့ ကျွန်မစာရေးတဲ့ အခါ အတတ်နိုင်ဆုံး လိုက်နာ ကျင့်သုံးတဲ့ ကျင့်ဝတ်များ ကို သူ့အတွက် ချရေးပေးလိုက်ပါတယ်။ ၁) မုသာဝါဒါ - ကိုယ့်စာကို လူဖတ်စေချင်ယုံ သက်သက်နဲ့ နာမည်ကြီးစေကြောင်းငှာ မဟုတ်မမှန်တာတွေ လီဆည်ပြီး မရေးပါနဲ့။ ၂) ပိသုဏ၀ါစာ - အချင်းချင်း အငြင်းပွား မုန်းတီးစေနိုင်တဲ့ ကုန်းတိုက်စကားများ သွေးထိုးစကားများ အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါတယ်။ ၃) ဖရုသ၀ါစာ - ဘယ်လောက်ပဲ မကောင်းမှု လုပ်နေတဲ့သူအကြောင်းကိုပဲ ရေးသည် ဖြစ်စေ၊ ကြမ်းတမ်းသော စကားများ၊ ဆဲဆိုမှု အသုံးအနှုံးများ လုံးဝ မပါဝင်ပါစေနဲ့။ ၄) သမ္ဖပ္ပလာပ၀ါစာ - အရေးမပါ အရာမရောက် သိမ်ဖျင်းသော စကားများ၊ သူတစ်ပါး အတင်းအဖျင်း ပြောခြင်း ရေးခြင်းများနဲ့ အချိန်ကုန် မခံပါနဲ့။ ကျွန်မ ပြောလိုက်တာ သူဘယ်လောက် နားလည် သွားတယ်၊ လိုက်နာနိုင်မယ်ဆိုတာ မသိပေမယ့် ကျွန်မ ကိုယ်တိုင်လည်း စာရေးတဲ့ နေရာမှာ ဒီအချက်တွေကို သတိလေးနဲ့ ဦးထိပ်ထားပြီး အမြဲ ရေးကြောင်း ပြောပြမိပါတယ်။ အထူးသဖြင့် စာရေးမယ့်သူဟာ emotion အရမ်းဖြစ်လို့ မရပါဘူး။ အများအတွက် စာရေးရင် ပုဂ္ဂလဓိဌာန်ကို ပယ်ပြီး ဓမ္မဓိဌာန် နဲ့ ရေးရမှာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ အာဇီဝဋ္ဌမကသီလ ကိုလည်း အကျဉ်းချုပ် ရေးလိုက်ရပါတယ်။ အာဇီဝဋ္ဌမကသီလ ၁ ။ ပါဏာတိပါတာ = သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။ I shall abstain from killing ၂ ။ အဒိန္နာဒါနာ = သူတစ်ပါး ပစ္စည်းဥစ္စာ ကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။ I shall abstain from stealing ၃ ။ ကာမေသုမိစ္ဆာစာရာ = သူတစ်ပါး သားမယား ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။ I shall abstain from adultery ၄ ။ မုသာဝါဒါ = မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။ I shall abstain from telling lies ၅ ။ ပိသုဏ၀ါစာ = သွေးထိုး ကုန်းတိုက်မှုမှ ရှောင်ကြဉ်ပါ၏။ I shall abstain from slandering ၆ ။ ဖရုသ၀ါစာ = ကြမ်းတမ်းစွာ ဆဲဆိုမှုမှ ရှောင်ကြဉ်ပါ၏။ I shall abstain from using harsh language ၇ ။ သမ္ဖပ္ပလာပ၀ါစာ = အကျိုးမရှိ သိမ်ဖျင်းသော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ပါ၏ ။ I shall abstain from telling useless non-sense ၈ ။ မိစ္ဆာဇီဝါ = မတရားသော ဥစ္စာပစ္စည်းရှာဖွေမှုမှ ရှောင်ကြဉ်ပါ၏ ။ I shall abstain from earning wrong-livelihood စုချစ်သူ ၃၀ နိုဝင်ဘာ ၂၀၁၂ ကိုးကား - အရှင်ဇနကဘိဝံသ (အာဇီဝဋ္ဌမကသီလ)