Sunday, August 31, 2014

ရဟန်းသံဃာများညစာမစားရခြင်း

“ညစာမစားရခြင်း”
••••••••••••••••••••••••••••••
တစ်ခါ ဥပုသ်စောင့်တဲ့အခါ ညစာမစားရခြင်းနဲ့ပတ်သတ်ပြီး
မြတ်စွာဘုရားရှင်လက်ထက် စတင်ဖြစ်ပေါ်လာပုံကို
ပြောပြပေးပါမယ်။
မြတ်စွာဘုရားရှင်လက်ထက်က အစပထမပိုင်းမှာ
ရဟန်းသံဃာများပင် ညနေစာအတွက်
ဆွမ်းခံထွက်စားခဲ့ကြပါတယ်။
ဒါပေမဲ့ မြတ်စွာဘုရားရှင် ၀ိနည်းသိက္ခာပုဒ်များပညတ်ရာ
မြတ်ဗုဒ္ဓ၀ါတော်(၂၀)လွန်တဲ့နောက်ပိုင်းမှာတော့
ဝိကာလဘောဇန သိက္ခာပုဒ်လည်း ပညတ်ဖို့ရန်
အကြောင်းဖြစ်ပေါ်လာတာကြောင့် ပညတ်ခဲ့ရပါတယ်။

ပညတ်ရခြင်းအကြောင်းကတော့
•••••••••••••••••••••••••••••••••••••••
(၁) ရဟန်းတော်တစ်ပါး ညပိုင်းဆွမ်းခံထွက်တဲ့အခါ
အိမ်တစ်အိမ်ရှေ့ဆွမ်းခံသွားရပ်ရာ အိမ်ရှင်မက ရဟန်းတော်ရဲ့
သင်္ကန်းရောင်ကိုမြင်ပြီး ရဟန်းတော်ကို အစိမ်းသရဲ၊
မြေပုံဘီလူးလို့ထင်တဲ့အတွက် ဆန်ဆေးရည်နဲ့ ပတ်ခဲ့မိပါတယ်။
အဲဒီတော့ ရဟန်းသံဃာတွေ ညနေဆွမ်းခံတာဟာ
လူတွေအတွက် အပြစ်ဖြစ်ကြတယ်။

(၂) ညနေပိုင်းမှာ ရဟန်းတော်များဆွမ်းခံသွားတဲ့ အခါ
နွားအုပ်တွေရွာထဲသွင်းချိန်မို့ နွားရောင်နဲ့သင်္ကန်းရောင်
ရောနှောနေတဲ့အတွက် လူတွေက ရဟန်းတွေကို
နွားတွေထင်ပြီး နွားတွေနဲ့ရောနှော ပြစ်မှားမိကြပါတယ်။
အဲဒီလိုပြစ်မှားမိရင် လူတွေမှာ အပြစ်ဖြစ်ကြရတယ်။

(၃) ရဟန်းတော်များ ညနေပိုင်းမှာ ဆွမ်းခံသွားရခြင်း၊
ဆွမ်းစားပြီးသား သပိတ်တို့ကို ဆေးကြောသန့်ရှင်းရခြင်းစတဲ့
ဗာဟိယအလုပ်တွေကြောင့် ရဟန်းတော်များရဲ့
ပရိယတ္တိ စာသင်၊ စာချ၊ ပရိပတ္တိ တရားအားထုတ်မှုတို့
အချိန်လျှော့နည်းသွားတယ်။
အဲဒီလို အချိန်လျှော့နည်းနေမယ်ဆိုရင် တရားထူးရဖို့ရန်
ခက်ခဲမှာဖြစ်သလို သံဃာ့ဝေယျာဝစ္စ၊ လူတွေအား
တရားဟောသွန်သင်ပေးဖို့ကိစ္စ၊ စာချ၊ စာသင်ကိစ္စတွေပါ
နောင့်နှေးမှုများဖြစ်တာမို့ ညစာမစားကြ ရန်
မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီလိုပဲ လူတွေမှာလည်း အရိယာသူတော်ကောင်း
တစ်ယောက်ဖြစ်အောင်၊ ကိလေသာများကပ်ငြိနေတာကို
လျှော့ပါးသွားအောင်ပြုလုပ်တတ်တဲ့ ဥပုသ်ရှစ်ပါးသီလ
ဆောက်တည်တဲ့အခါမှာ ညစာမစားခိုင်းခြင်းဟာ
အလုပ်ရှုပ်သက်သာပြီး သမထ၊ ၀ိပဿနာတရားများ
ပိုမိုပွားများအားထုတ်နိုင်အောင်၊ အစာစားလျှင်
အိပ်ချင်စိတ်လျင်မြန်စွာဖြစ်ခြင်း၊ အိပ်ချင်စိတ်နောက်ကနေ
ဗိုက်ထဲမှာအစာပြည့်နေရင် ကိလေသာစိတ်တွေ
ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပုသ်သီလဆောက်တည်တဲ့ရက်လေးမှာ
ညစာ မစားရခြင်း ဖြစ်ပါတယ်။

အစာစားလျှင် ကိလေသာစိတ်ဖြစ်တယ်၊
ကိလေသာကိုပိုမိုအားပေးတယ်ဆိုတာကို ဦးဇင်းအရင်ကလည်း
အမေးအဖြေများမှာ ဖြေပေးထားတာရှိသလို၊
အွန်လိုင်းမှာတင်ထားတဲ့ တရားခွေထဲမှာ လည်း
ပြောထားပါတယ်။ ညစာစားထားလို့ရှိရင် စိတ်ကမကောင်းမှု
ဘက်ကို အာရုံရောက်သွားတတ်ပါ တယ်။

တချို့ဆို ညပိုင်းမှာ ကိလေသာစိတ်တွေ
စိတ်တိုင်းကျဖြစ်ပြီး စိတ်တိုင်းကျပျော်ပါးဖို့အတွက်
စားသောက်ဆိုင်များမှာ ရှယ်သွားစားကြတာမျိုးတောင်
ရှိကြပါတယ်။ ကောင်းစွာစားပြီး ကောင်းစွာပျော်ပါး
ချင်ကြလို့ ဖြစ်မှာပါ။ ဒါကြောင့်လည်း တချို့စားသောက်ဆိုင်တွေမှာ
နေ့နဲ့ညဆို ညမှာပိုရောင်း ရပြီး နေ့စာထက်ညစာက
ပိုမိုတန်ဖိုးများနေတာလည်း ရှိပါတယ်။

နောက်တစ်ခုက မိမိတို့ခန္ဓာကိုယ်ထဲက အစာအိမ်ဟာ
နေ့စဉ်စားသောက်သမျှကို အစာချက်နေရတဲ့အတွက်
အနားမယူရသလို အညှီအနှောက်၊ အသိုးအပုပ်တွေနဲ့
အမြဲလိုလိုဖြစ်နေလို့ အစာအိမ်ဟာ မနားရတဲ့အပြင်
အစာအိမ်လည်း သန့်ရှင်းမှုမရှိဘဲ ဖြစ်နေတာကြောင့်
ကျန်းမာရေးလည်း ထိခိုက်ပါတယ်။
ခုလို တစ်ပါတ်တစ်ခါ ဥပုသ်စောင့်တဲ့နေ့မှာ
ညစာမစားတဲ့အခါကျတော့ အစာအိမ်လည်း နားရတယ်။
အသိုးအပုပ်တွေလည်း သန့်ရှင်းပေးရာရောက်တာကြောင့်
အစာအိမ်ကောင်းတဲ့အတွက် ကျန်းမာရေးလည်း
ကောင်းမွန်မှုအကျိုးရလာဒ်တွေ ရရှိပါတယ်။
ဒါဟာ ဥပုသ်စောင့်ရခြင်း မျက်မှောက်ရရှိတဲ့ အကျိုးရလာဒ်ပါ။

ဥပုသ်သီလဆောက်တည်တဲ့နေ့ရက်မှာ
“၀ိကာလဘောဇနသိက္ခာပုဒ်”-ညစာနဲ့ပတ်သက်ပြီး
သိသင့်ထားတဲ့ အချက်အလက်တွေကို ရေးသားပေးရမယ်ဆိုရင်
နေ့မွန်းတည့်ချိန်မှစပြီး နောက်နေ့နံနက် လစဉ်အလိုက်
အရုဏ်တက်ချိန်ထိအတောအတွင်း ဘောဇဉ်
(၅)မျိုးဖြစ်တဲ့ ဆွမ်း၊ မုယောမုန့်၊ ပဲမုန့်လုံး၊ ငါး၊
အသားတွေနဲ့ ခဲဖွယ်ဖြစ်တဲ့ ယာမကာလိက၊
သတ္တာဟကာလိက၊ ယာဝဇီဝိကအစာတွေကို မစားရပါ။
နေမွန်းတည့်ချိန်မှ အရုဏ်တက်သည့်အချိန်ထိလို့
ဝိကာလဘောဇနသိက္ခာပုဒ်က ပြောဆိုထားတဲ့အတွက်
နေမွန်းတည့်သည် ဆိုတာနဲ့ ဘာမှစားလို့မရတော့ပါ။
စားနေဆဲဖြစ်ရင်လည်း ကားဘရိတ်အုပ်သလို
ဘရိတ်အုပ်ပြီးသကာလ ပါးစပ်ထဲရောက်နေတာကို
ထွေးထုတ်ပစ်ရပါမယ်။ နေ့မွန်းတည့်ကျော်သွားပါလျက်
ပါးစပ်ထဲကစားစရာ ကို ထွေးမထုတ်ဘဲ မျိုချလျှင်လည်း
အပြစ်ဖြစ်ပါတယ်။ ၀ိကာလဘောဇနသိက္ခာပုဒ်က
နေ့မွန်းတည့်လျှင်ကို ဘာမှမျိုချလို့ မရတော့ပါ။

နေမွန်းတည့်ချိန်မမြင်ရရင် သူ့နိုင်ငံအလိုက်
သတ်မှတ်ထားတဲ့ နေမွန်တည့်ချိန်ကို ယူရပါမယ်။
အရုဏ်တက်ချိန်ကိုလည်း နိုင်ငံအလိုက်၊
လအလိုက်ယူရပါမယ်။ အကောင်းဆုံးနည်းကတော့
မိမိနေထိုင်ရာနိုင်ငံမှာရှိတဲ့ နေ့တည့်တည့်အချိန်(၁၂)နာရီနဲ့
မနက်(၆)နာရီအတွင်း ၀ိကာလဘောဇန သိက္ခာပုဒ်ကို
စောင့်ထိန်းတာဟာ အကောင်းဆုံးပါပဲ။

မနက်အရုဏ်တက်ချိန်ကတော့ တချို့လတွေမှာ
မနက်(၄)နာရီကျော် အရုဏ်တတ်တာလည်းရှိပါတယ်။
မိမိက ဥပုသ်သီလယူထားလို့ မနက်စောစော ဗိုက်စာနေတဲ့အတွက်
မနက်စာကို စောစောစားချင်တယ်ဆိုရင် အရုဏ်တက်ချိန်ကို
လေ့လာပြီး စားကြပါလေ။
ခုပြောခဲ့တဲ့ နေမွန်းတဲ့ချိန်နဲ့မနက်အရုဏ်တက်ချိန်အတွင်း
ကလွဲရင် ကျန်တဲ့အချိန် ဘယ်ချိန်ပဲစားစား စားသောက်ပြီး
သကာလ ဥပုသ်သီလဆောက်တည်နိုင်ပါတယ်။

●ခဲဖွယ်များဖြစ်တဲ့ ယာမကာလိကဆိုသည်မှာ
အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ကောင်းတဲ့
“သပြေသီး၊ သရက်သီး၊ မုဒရက်သီး၊ စပျစ်သီး၊ ဖက်သက်သီး၊
သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊
ကြာစွယ်” တို့ရဲ့ ဖျော်ရည်နဲ့မန်ကျည်း၊ ဆီး၊ ရှောက်ဟူသော
“အနုလောမဖျော်ရည်” များ ဖြစ်ပါတယ်။

●“သတ္တာဟကာလိက”ဆိုသည်မှာ (၇)ရက်လုံးလုံးထားပြီး
စားသုံးနိုင်တဲ့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ထန်းလျက်၊
ကြံသကာ၊ သကြားဆိုတဲ့ ဆေးငါးမျိုးကို
“သတ္တာဟကာလိက”လို့ ခေါ်ပါတယ်။

●“ယာဝဇီဝိက”ဆိုသည်မှာ တစ်သက်ပတ်လုံးစားကောင်းတဲ့
ဆား၊ ဂျင်း၊ ဆီးဖြူ၊ ဖန်ခါးစတဲ့ ဆေးဖက်ဝင် အမြစ်၊ အရွက်၊
အသီး၊ အခေါက်များ ဖြစ်ပါတယ်။

ရဟန်းတော်များအတွက် ပညတ်ထားတဲ့ (ဝိ၊ ၂၊ ၁၁၂)
ဝိကာလဘောဇနသိက္ခာပုဒ်မှာတော့
အထက်ပါ ယာမကာလိက၊ သတ္တာဟကာလိက၊
ယာဝဇီဝိက(၃)မျိုးကို ရဟန်းတော်များ အလှူခံရင်ဖြစ်စေ၊
စားသောက်ရင်ဖြစ်စေ ပါစိတ်အာပါတ်မသင့်ဘဲ
ဒုက္ကဋ်အာပါတ်သာ သင့်တယ်လို့ အပြစ်လျှော့ပါး
သွားတာကို တွေ့ရပါတယ်။

ဒါပြင် မနေနိုင်အောင် ဆာလောင်မွတ်သိပ်လို့ဖြစ်စေ၊
အနာရောဂါ ကျန်းမာရေးကြောင့်ဖြစ်စေ အထက်ပါ
ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ
စားသောက်ရင် အပြစ်မရှိပါပေ။
ရူးသွတ်နေသူများလည်း အပြစ်မရှိပါ။

အဲဒီတော့ လူတွေမှာလည်း ဥပုသ်သီလ
ဝိကာလဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ရက်မှာ
မနေနိုင်အောင် ဆာလောင်တဲ့အခါ၊ အသက်အန္တရာယ်အတွက်
ကျန်းမာရေးထိခိုက်နိုင်တဲ့အခါမျိုး ဆိုရင်တော့ အထက်ပါ
ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ
စားသောက်နိုင်ပါတယ်။ အစာပြေမဟုတ်ဘဲ အ၀စားလျှင်၊
ကျန်းမာရေးသက်သာရုံမဟုတ်ဘဲ လွန်လွန်ကဲကဲတော့
မပြုလုပ်ရပါ။ ဆာလောင်မှုလည်းမဖြစ်၊
ကျန်းမာရေးလည်းကောင်းနေရင်တော့
ဘာမှမစားသောက်ရပါ။ စားသောက် လျှင်
သီလသိက္ခာပုဒ် မကျိုးပေါက်နိုင်သော်လည်း
သီလအကျိုးပေးတော့ လျှော့ပါးနိုင်ပါတယ်။

quoted from “ဥပုသ်နေ့နဲ့ပတ်သက်သမျှ သိကောင်းစရာများ”【အရှင်ကောမလ ဆန်နီနေမင်း】

No comments:

Post a Comment