Saturday, August 23, 2014

ကမ္မစတုက္က ကံ ၄ မျိုး

၁---ဂရု ကံ (အလွန်အကျိုးအပြစ်ကြီးသောကံ)

၂---အာသန္န ကံ ( သေခါနီး အောင့်မေ့အပ် ပြုအပ်သောကံ)

၃---အာစိဏ္ဏ ကံ  ( နေ့ စဉ်မပြတ် စွဲမြဲစွာလေ့ကျင့်ပြုလုပ်ထားသောကံ)

၎---ကဋတ္တာ ကံ (  အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝတွင် အမှတ်မဲ့ ပြုလုပ်ခဲ့သောကံ)

( ပဋိသန္ဓေအကျိုးပေးမည့်ကံဖြစ်သည်)

About အာသန္န ကံ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ `သေခါနီးဝင်လာတတ်သော စိတ်တရား´
သေခါနီး အရေးကြီး
***************
သေခါနီးဖြစ်တဲ့စိတ်ဟာ အရမ်းအရေးကြီးတယ်။ လားရာသုဂတိကို ချက်ချင်း အကျိုးပေးနိုင်တယ်။ ဒီအကြောင်းကို ကျမ်းဂန်မှာ ခုလိုပါရှိပါတယ်။
နွားကျောင်းသားဟာ နေဝင်လို့နွားကို ခြံထဲသွင်းတဲ့အခါမှာ နွားပျို၊ နွားပေါက်စကလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီးဝင်ကြတယ်။ ဒါပေမယ့် မသန်စွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှင်ခြောက်လှန့်သည်ဖြစ်စေ ဖြေးဖြေးချင်းပဲ နောက်ဆုံးကနေ ဝင်ကြတယ်။ နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေက ခြံပေါက်ဝမှာပဲ အိပ်ကြရတယ်။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲကပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာအိပ်နေတဲ့ နွားအိုကြီးတွေကပဲ အရင်ထွက်ခွင့် ရပါတယ်။ နွားပျို၊ နွားငယ်တွေကတော့ နောက်ဆုံးမှပဲ ထွက်ကြရပါတယ်။
အဲဒီလိုပဲ သေခါနီး ခိုးကိုးရာမဲ့နေချိန်တဲ့စိတ်ဟာ အရင်ဆုံး အကျိုးပေးပါတယ်လို့ ကျမ်းဂန်မှာ ပါရှိပါတယ်။ ဝိပဿနာအသိမရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။ ကြည့်လေရာ မြင်လေရာ ကိုယ့်ဘဝတစ်ခုလုံး စွဲလန်းခဲ့တဲ့ အရာတွေချည်းပါပဲ။ အိမ်တွေ၊ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ သားသမီး လင်မယားတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေ အကုန်လုံးက ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ။
ဒါကြောင့် `တချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ၊ မေတ္တာဓာတ်လွှမ်းခြုံတဲ့နေရာ၊ ဆိတ်ငြိမ်တဲ့နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ရှိကြပါတယ်။ သေမဲ့အချိန်ကို ကြိုမသိနိုင်ပေမယ့် အဲဒီလိုနေရာမျိုးတွေမှာပဲ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ်။´
ကြောက်မယ်ဆိုရင် ကြောက်စရာပါပဲ၊ အပါယ်ရောက်သွားပြီးမှ ဘွားတေး လုပ်လို့မရပါဘူး။ အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ဝိညာဉ်မချုပ်နိုင်ဘဲ ဆန့်တငင်ငင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ တချို့ကလည်း အကုသိုလ်စေတနာ၊ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမားမရှိ၊ ဝိပဿနာဉာဏ်ကလည်း မရှိတော့ သူ့ကံက သူ့ကို ဘယ်ပို့ရမှန်းမသိဘဲ ဟိုစိတ်ရောက်လိုက် ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို၊ ဒီလူ့စောင့်သလိုလို၊ သားကိုပဲမျှော်သလိုလို၊ သမီးကိုပဲမျှော်သလိုလို ထင်တော့တာပါပဲ။
`` သားလေးရောက်လာပြီ၊ သမီးလေးရောက်လာပြီ ထကြည့်ပါဦး´´ လို့ ဘေးကများ ကုန်းအော်လိုက်လို့်ကတော့ သေတဲ့သူ တစ်ခါတည်းသွားရော ငရဲအိုးပဲ.......။ အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ်။ သေတဲ့သူကို ဆွဲခါလှုပ်ယမ်းဖက်ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ။ ကျလုကျခင်ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ။
ဒါကြောင့် `` ငါသေရင် မငိုကြနဲ့၊ ဆူဆူညံညံလည်း မလုပ်ကြနဲ့၊ ငါ့ဘေးနားလည်း မနေကြနဲ့၊ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်´´ လို့ အဲလို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်။..... အဖေရယ် အမေရယ် နိမိတ်မရှိ သေစကားမပြောပါနဲ့။ အဲလိုပြောလာရင် `` ဟဲ့... နိမိတ်မရှိမလုပ်နဲ့၊ ငါက သေရင် ဒီနိမိတ်နဲ့ပဲသွားရမှာ။ အဲဒီလို ပြတ်ပြတ်သားသား မှာထားရမယ်´´ လို့ မိုးကုတ် ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ။
တချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ပါရဲ့၊ ဒါပေမယ့် သေခါနီးကျတော့ လှူတုန်းက ဖြစ်ခဲ့တဲ့စေတနာကို ပြန်မစွဲဘဲ ကျောင်းစွဲ၊ ဘုရားစွဲ၊ ဇရပ်စွဲ အဲလိုစွဲတော့ ကျောင်းစောင့်၊ ဘုရားစောင့်၊ စေတီစောင့်တွေပဲ ဖြစ်ကြရတယ်။ ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ဝိပဿနာစိတ်မဖြစ်ဘဲ ရိပ်သာစွဲသေတော့ ရိပ်သာစောင့် ဖြစ်ရပြန်တယ်။ အဲဒါကတော့ အသက်ရှင်နေထိုင်တုန်းမှာ ဝိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံအားထုတ်ပြီး အသေတတ်အောင် ကြိုးစားဖို့ပါပဲ.....။
သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင် ဘယ်လိုဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး။ အရိယာတို့ရဲ့ လားရာသုကတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ်။ ဒါပေမယ့် အဲဒီလိုမှ မကျင့်ကြံနိုင်တဲ့ သာမန်ပုဂ္ဂိုလ်များ အတွက်ကတော့ သေခါနီးအချိန်နဲ့ ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး၊ နောက်ဆုံးကျည်ဆံဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်။
မှတ်ချက်။ ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ `သေခါနီးဝင်လာတတ်သော စိတ်တရား´ မှ ကောက်နှုတ်ရေးသားချက် ဖြစ်ပါသည်။

ဆရာတော် သီလနန္ဒာဘိဝံသ၏ ဗုဒ္ဓဘာသာ အခြေခံတရားတော်များမှ
http://www.dhammaweb.net/Silananda/fund_buddhism/USilananda-Fundamentals-11b.mp3

No comments:

Post a Comment