Saturday, July 17, 2010
This too will pass (use zaw gyi font, if text not show up)
"ဒါလည်းပြီးသွားမှာပါ" အရှင်ရဝေနွယ်
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ။
လောကဓံတရားရှစ်ပါးနှင့်တွေ့ကြုံရသည့်အခါ စိတ်ကိုမတုန်မလှုပ်နေနိုင်ခြင်းသည် မြတ်သောမင်္ဂလာ မည်၏။
ဆင်းရဲချမ်းသာသဘာဝ၊ တွေ့ကြုံနေကြလူတိုင်းပေ၊ ကောင်းဆိုးနှစ်တန်အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ ။ လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ဝေရဉ္ဇဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ပင့်ဖိတ်မှုအရ ဝေရဉ္ဇာ ပြည်မှာ ၀ါဆိုဖြစ်ပါ တယ်။
တိုက်တိုက် ဆိုင်ဆိုင်ပါပဲ၊ မြတ်စွာဘုရား ၀ါဆိုတဲ့ နှစ်မှာပဲ ဝေရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်ပါတော့တယ်။ လူတွေ ငတ်မွတ်ပြီဆိုတော့ ရဟန်းတွေလည်း ဆွမ်းခံလို့ မရတော့ပါဘူး။ အဆိုးထဲက အကောင်းတစ်ခု ၀င်လာတာကတော့ ဥတ္တရာပထတိုင်းက မြင်းကုန်သည်တွေ မြင်းငါးရာနဲ့ ဝေရဉ္ဇာပြည်မှာ တစ်ဝါတွင်းလုံးလာပြီး စတည်းချတာပါပဲ။
ရဟန်းတော်တွေဟာ ဝေရဉ္ဇာပြည်ထဲမှာ ဆွမ်းခံဖို့ အခက်အခဲတွေ့တော့ မြင်းကုန်သည် တွေဆီသွားပြီး ဆွမ်းခံပါတယ်။ မြင်းကုန်သည် တွေက လည်း သဒ္ဓါတရားမညံ့ပါဘူး။ ဒါပေမယ့် မုယောဆန်ကြမ်းကြမ်းကိုပဲ လောင်းနိုင်ရှာပါတယ်။ မြတ်စွာဘုရား အပါအ၀င် ရဟန်းတော်တွေ အားလုံးဟာ မုယောဆန်ကြမ်းကြမ်းကိုပဲ နေ့စဉ် ဘုဉ်းပေးနေရပါတယ်။
မြတ်စွာဘုရား မုယောဆန်ကြမ်းကို ဘုဉ်းပေးနေရတော့ အရှင်မဟာမေဂ္ဂလာန်က မကြည့်ရက်တော့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားဆီလျောက် ရပါတော့တယ်။
‘မြတ်စွာဘုရား.. ဝေရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ပြီး ရဟန်းတော်တွေ ဆွမ်းအခက် အခဲတွေ့ နေရပါတယ်ဘုရား၊ မြေကြီးရဲ့ အောက်အပြင်မှာ ပျားသကာလိုချိုမြိန်တဲ့ မြေဆီမြေနှစ် တွေ ရှိနေပါတယ်ဘုရား၊ မြေကြီးကို ဘုရားတပည့်တော် ပြောင်းပြန်လှန်လိုက်ပါ့မယ်ဘုရား’
ချစ်သား မောဂ္ဂလာန် ဒါဆိုမြေကြီးမှာ တည်နေတဲ့ သတ္တ၀ါတွေကို ဘယ်လိုလုပ်မလဲ’
‘ဘုရားတပည့်တော် လက်တစ်ဖက်ကို မြေကြီးဟန်ဖန်ဆင်းပြီး အဲဒီဖန်ဆင်းထားတဲ့ မြေကြီး ပေါ်မှာ နေစေပါမယ်ဘုရား’
‘ချစ်သား မောဂ္ဂလာန်… သင်ဒါတွေကို မနှစ်သက်နဲ့၊ ဖောက်ပြန်ခြင်းဆိုတဲ့ လောကဓံတရား ကို သတ္တ၀ါတိုင်း ရကြမှာပဲ’ ‘ဒါဆို မြောက်ကျွန်းကို ဆွမ်းခံကြွရင်ကောဘုရား’ ‘ချစ်သား မောဂ္ဂလာန်… သင်ဒါလဲ မနှစ်သက်ပါနဲ့’ အရှင်မောဂ္ဂလာန်က ဘယ်လောက်ပဲ လျှောက်လျှောက် မြတ်စွာဘုရားက လက်မခံခဲ့ပါဘူး။ လောကဓံဆိုးကို ရှောင်လွှဲခွင့် ရနိုင်ပေမယ့် မရှောင်လွှဲဘဲ တစ်ဝါတွင်းလုံး မုယောဆန်ကြမ်းကိုပဲ သည်းခံ ဘုဉ်းပေးခဲ့ပါတယ်။ (ပါရာဇိကပါဠိတော်၊ ဝေရဉ္ဇကဏ္ဍ)
တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားတောင် လောကဓံတရားနဲ့ ကြုံရသေး တာဆိုတော့ သာမန်လူသားတွေ လောကဓံတရားနဲ့ ကြုံရတာ ဘာမှ မပြောပလောက်ပါဘူး။ စာလည်းမဖွဲလောက်တော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နေရာဌာနတစ်ခုမှာ စာသင်ခွင့်ရဖို့လေး သွားလျှောက်ဖြစ် ပါတယ်။ မရခဲ့ပါဘူး။ ထပ်ကံဆိုးချင်တော့ အပြန်မှာ မိုးရွာချလိုက်တာ တစ်ကိုယ်လုံး ရွှဲစိုသွား ပါတယ်။ ကိုယ့်ကိုယ်ကို သေချင် စော်ကို နံသွားတာပါပဲ။ ဒီကြားထဲ စာမေးပွဲက ထပ်ကျလိုက်ပါ သေးတယ်။ အဲဒီရက်တွေမှာ နေ့တိုင်းနီးပါးကို စိတ်ဆင်းရဲနေခဲ့ရပါတယ်။
တစ်ခု ကံကောင်းတာက စာရေးသူမှာ အတွေးတစ်ခု ခိုင်ခိုင်မာမာ ရှိနေခဲ့တာပါ။ အဲဒီအတွေး ကတော့ ‘ငါ စာမေးပွဲ ကျနေလို့ ဒီဒုက္ခတွေ ခံစား နေရတာ၊ စာမေးပွဲအောင်သွားရင် အလိုလို အဆင်ပြေသွားမှာပဲ။ ဒုက္ခတစ်ခုဟာ အမြဲတမ်းတော့ တည်တံ့မနေနိုင်ဘူး’ ဆိုတဲ့ အတွေးပါ။
ဟုတ်လည်း ဟုတ်ပါတယ်။ စာမေးပွဲအောင်သွားတော့လည်း အစစအရာရာ အဆင်ပြေ သွားတာပါပဲ။ ဟို တစ်လောဆီကတော့ ဆရာဖေမြင့်ရဲ့ ‘စာသမား၏ မှတ်စုများ’ဆိုတဲ့ စာအုပ်ကလေး ဖတ်ဖြစ်ပါတယ်။
တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ စိတ်ဆင်းရဲစရာတွေကြုံနေရလို့ သူရဲ့အမတ်ပညာရှိတွေကို ဆောင်ပုဒ်တစ်ခု ရေးသွင်းစေပါတယ်။ အဲဒီ ဆောင်ပုဒ်ဟာ တိုလည်းတိုရမယ်၊ အောင်မြင် နေတဲ့ အခါမှာရော၊ နိမ့်ပါးနေတဲ့ အခါမှာရော သုံးစွဲနိုင်ရမယ်လို့ ဆိုပါတယ်။
မှူးမတ်ပညာရှိတွေ အမျိုးမျိုး ဆက်သပေမယ့် ဘုရင်က သဘောမကျပါဘူး။ နောက်ဆုံး သမီးတော်ကရေးပြီး ဆက်သလိုက်မှ သဘောကျသွားပါတယ်။
သမီးတော်ဆက်သတဲ့ ဆောင်ပုဒ်က “This,too, will pass. ဒါလည်း ပြီးသွားမှာပါ”တဲ့။
အိန္ဒိယနိုင်ငံမှာ ပထမဆုံး အင်္ဂလိပ်ဘုရင်ခံချုပ်လုပ်သွားခဲ့တဲ့ ၀ါရင်ဟေးစတင်း(စ်) ဟာ အင်္ဂလန်ပြန်ရောက်တဲ့အခါ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေက ဘုရင်ခံဘ၀က အာဏာအလွဲ သုံးစား လုပ်တယ်ဆိုပြီး အမှုတင်ကြပါတယ်။ ဒီတော့ ဟေးစတင်း(စ်)ဟာ သူ့မှာ အပြစ်မရှိဘူး ဆိုတာ သိထားပေမယ့် တရားရုံးမှာ ခုနစ်နှစ်တိုင်တိုင် အချန်ကုန်ငွေကုန် မှုရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီအမှုရင်ဆိုင်နေရတဲ့ ခုနစ်နှစ်အတွင်း ‘ဒါလည်းပြီးသွားမှာပါ’ ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ ကိုယ့်ကိုယ်ကို အားပေးမြှင့်တင်ခဲ့ရတာပါတဲ့။
ဒုက္ခတွေ ဘယ်လောက်ပဲ ရောက်နေရောက်နေ၊ ဒါလည်းပြီးသွားမှာဖြစ်လို့ စိတ်တုန်လှုပ် မသွားဖို့နဲ့ သုခတွေ၊ အောင်မြင်မှုတွေနဲ့ ကြုံရတဲ့အခါမှာလည်း ဒါလည်းပြီးသွားမှာဖြစ်လို့ သိပ်ပြီး မာနတွေ ဘ၀င်တွေ မြင့်မနေဖို့ သတိပေးထားတဲ့ ဆောင်ပုဒ်ကလေးပါ။
ဆရာဖေမြင့် ဒီစာအုပ်ကလေးကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကသာ ရေးခဲ့ရင် သိပ်ကောင်း မှာပဲလို့တောင် တွေးနေဖြစ်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးသူက လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတာကိုး။
တကယ်တော့ ဒီဆောင်ပုဒ်ကလေးက အဆိုးလောကဓံနဲ့ကြုံရတဲ့ အခါမှာသာ နှလုံးသွင်းရ မှာ မဟုတ်ပါဘူး၊ အကောင်း လောကဓံတွေနဲ့ ကြုံတွေ့ရတဲ့ အခါတွေမှာလည်း အောက်ခြေ လွတ် မသွားဖို့ သတိပေးနေတဲ့ ဆောင်ပုဒ်ကလေးပါ။
ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ မင်္ဂလာအရလည်း အဆိုးလောကဓံနဲ့ ကြုံ ရတဲ့အခါရော၊ အကောင်းလောကဓံနဲ့ ကြုံရတဲ့အခါရော စိတ်တုန်လှုပ်မသွားဖို့၊ စိတ်တုန်လှုပ် မသွားအောင်နေနိုင်တာဟာ မင်္ဂလာ ဖြစ်ပါတယ်တဲ့။
မြတ်စွာဘုရားရှင်က---
၁။ လာဘ=လာဘ်ရခြင်း။
၂။ အလာဘ= လာဘ်မရခြင်း။
၃။ ယသ= အခြွေအရံရှိခြင်း။
၎။ အယသ= အခြွေအရံမရှိခြင်း။
၅။ နိန္ဒာ= ကဲ့ရဲ့ခံရခြင်း။
၆။ပသံသာ= ချီးမွမ်းခံရခြင်း။
၇။ သုခ= ချမ်းသာခြင်း။
၈။ ဒုက္ခ= ဆင်းရဲခြင်းဆိုတဲ့ လောကဓံတရားရှစ်ပါးကို လောကထဲမှာ နေတဲ့ သတ္တ၀ါတိုင်း တလှည့်စီကြုံရမယ်။ ကြုံရတဲ့အခါ စိတ်မတုန်လှုပ်ဖို့၊ ကိုယ်တော်တိုင်ကြုံခဲ့ရတဲ့ လောကဓံတရား တွေနဲ့ ဥပမာ သာဓကတွေပြပြီး ဟောထားပေးပါတယ်။
ပုထုဇဉ်တွေဆိုတော့ အဆိုးလောကဓံကို ဘယ်သူမှ မကြုံချင်ကြပါဘူး။ ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။ ပုထုဇဉ်ပဲ ညစ်ပေါ့။ တစ်နေရာမှာ သေချာထိုင်ပြီး၊ ဒါမှမဟုတ် ခုတင်ပေါ် သေချာ လှဲတဲ့ပြီး အချိန်လေးလည်း သီးသန့်ယူပြီး အားရပါးရ ကျေနပ်အောင် စိတ်ညစ်ပစ်လိုက်ပါ။
ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့ ကိုယ်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။ စိတ်ညစ် စရာလည်းညစ်၊ တစ်နေ့တာ ကိုယ်လုပ်စရာ ရှိတာလည်း လုပ်ပေါ့။ အဓိကကတော့ စိတ်ညစ် စရာ ရှိပေမယ့် တစ်နေ့တာ ကိုယ်လုပ်ရမယ့် အလုပ်တွေ ပျက်မသွားဖို့ဘဲ အရေးကြီးပါတယ်။ စိတ်ညစ်တဲ့အခါ အဲဒါ အရေးအကြီးဆုံးပါပဲ။
ဘ၀မှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံရ ကြုံရ၊ ဘယ်လောက်ပဲအကောင်း လောကဓံတွေနဲ့ပဲ ကြုံရ ကြုံရ တစ်ချိန်ချိန်ကျရင် ‘ဒါလည်း ပြီးသွားမှာပါ’ ပဲလေ။
ရဝေနွယ်(အင်းမ)
အလင်းတန်းဂျာနယ်။
(read from http://ashinsirinda.com/index.php?option=com_content&view=article&id=389:-qq&catid=52:2009-07-18-11-45-58&Itemid=149)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment