Sunday, January 8, 2017

ကိလေသာကို သတ်ခြင်းသည်ကား မဂ်၊

မဂ်ဆိုသည်မှာ သူ့ဆိုင်ရာ ကိလေသာကို သတ်ဖြတ်ချလိုက်ခြင်း၊ ဖိုလ်ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊ သို့ကြောင့် မဂ်နှင့်ဖိုလ် ထိုနှစ်ခင်းတို့သည် အကြောင်းခံနှင့် အကျိုးဆက် ခွဲဖျက်မရစကောင်းသော အတွဲများသာ ဖြစ်ကြလေရာ … မဂ်အစစ်ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုပြီ။ အတုအစစ် ခွဲခြားနည်း မည်သူ့ထံမှလည်း နည်းခံနေစရာ မလိုပြီ။ မဂ်မသိ ဖိုလ်နှင့်ညှိစကားပမာ ချုပ်ပြတ်မှုသိသော အသိ၏နောက်၌ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်မလိုက်ဖြင့် ချိန်ကိုက်သိနိုင်သည်။ ကိုယ့်အတွင်းရှိကို ကိုယ်ကိုယ်တိုင် ထိုးထွင်းသိဖြင့် သိနိုင်သော ကိန်းသေနည်းပင်တည်း။ ထိုမဂ်အကြောင်းခံ၏ ဖိုလ်အကျိုးပေး အအေးသည် သင်္ခါရုပေက္ခာရှိသမာဓိပဿဒ္ဓိအေးများထက် အဆများစွာ သာလွန်သည်ကိုလည်း သတိပြုလေဦး။ သို့မဟုတ် ဆောင်းအေးနှင့် ဆောင်းရေသောက်အေး နှစ်တွဲခွဲသိကြည့်လိုက်ပါ…။ ခရီးသွားနှင့် စမ်းရေနှင့် ထိုဖိုလ်အရသာ၏ အေးမြပုံကို ခံစားလိုက်ရသော ယောဂီ၌ကား … နွေခေါင်ခေါင် တလင်းပြောင်ပြောင် နေပူကျဲကျဲထဲဝယ် ခရီးခဲတရကြမ်းနှင်လျက်က ရန်သူ့လက်မှ ရုန်းထွက်လာခဲ့ရလေသူတစ်ယောက်ရန်သူနှင့်လည်းဝေး တောအုပ်စမ်းရေအိုင်ဘေးလည်းအရောက် တစ်ဖန် စမ်းချောင်း၏အစပ် စမ်းရေနှင့်မပြတ်ဖြစ်နေသော ရွံ့နွံဖတ်ဖတ် တွေ့လေရာ က။ ရန်သူ၏ နှိပ်စက်ခံထားရမှုကြောင့် နွမ်းနယ်ခြင်း၊ ခ။ ခရီးခဲလမ်းကြမ်း၏ ညှင်းပန်းခံရမှုကြောင့် ပင်ပန်းခြင်း၊ ဂ။ နေပူလေပူဒဏ် အဖန်ဖန်ခံထားရမှုကြောင့် ညှိုးနွမ်းခြင်း၊ ထိုဒဏ်တို့ကို ပြေပျောက်လိုမှုအား ကြီးလာရကား ထိုစမ်းနွံပေါ်သို့လည်း စိတ်ချလက်ချ ပစ်လှဲထိုင်ချ စမ်းရေအေးအေးလေးကိုလည်း သောက်ချလိုက်သည်ပမာ … သည့်အတူသာလျှင် ကိလေသာ၏ ဒဏ်၊ ရုပ်နာမ်ဖြစ်ပျက်တို့၏ဒဏ်၊ အတွင်းဓာတ်အချင်းချင်း အာရုံနှင့် အကြည်ဓာတ်အချင်းချင်း စစ်ခင်းကြရာမှဖြစ်သောဒဏ် … ထိုဒဏ်ဤဒဏ်များ အလူးအလဲခံထားရရှာသော အသိကလေးသည်လည်း မဂ်၏အဆိုက် ဖိုလ်အအေးဓာတ်ကြီးကလည်း လိုက်၍လာချေသောအခါ အငြိမ်းဓာတ် အအေးဓာတ်ကြီးထဲသို့ ခြေစုံပစ်၍ ထိုင်ချလိုက်လေတော့သည်။ ထိုအသိစိတ်နှင့် ထိုအအေးဓာတ် ထပ်မိသွားသောအခါတွင်ကား … ထိုစိတ်မှတစ်ဆင့် တစ်ကိုယ်လုံးကြီးသို့တိုင်အောင် ငယ်ထိပ်မှတောက်လျှောက် အောက်သို့လည်း စုန်ဆင်းစေလေပြီ။ ခါးဆစ်ရိုးမှတက် အထက်ထက်သို့လည်း ပျံ့နှံ့စေလေပြီ။ ထိုသို့ခံစားနေရစဉ် .. ချုပ်ပြတ်မှုကို သိသောအသိကား တစ်စက္ကန့်တစ်ချက်စာမျှသာတည်း၊ အအေးဓာတ် အငြိမ်းဓတ် ခံစားသိအသိကား နှစ်စက္ကန့် သုံးစက္ကန့်မျှအထိတည်း၊ ထိုတွင် ၁။ ချုပ်ပြတ်မှုကား နိရောဓ သို့မဟုတ် နိဗ္ဗာန်တည်း၊ ၂။ ချုပ်ပြတ်မှုအပေါ် သိခြင်းကား မဂ်ဉာဏ်တည်း၊ ၃။ ချုပ်ပြတ်မှု၏ အငြိမ်းဓာတ်ကို ခံစားနေခြင်းကား ဖိုလ်ဉာဏ်တည်း။ စိတ်မည်းမပြူ အဖြူချည်းသက်သက်ဖြစ်ရကား အဖြူစင်ဆုံး အတောက်ပဆုံး၊ ညစ်ကြေးမတင် ပကတိဖြူစင်လျက်ရှိသေးသော တွင်းထွက်ရွှေ၊ တွင်းထွက်ငွေသားများပမာသာ။ သို့မဟုတ် ပန်းထိမ်ဆရာသည် ရွှေမှ အညစ်အကြေးများကို သန့်စင်ကာ လက်ရာမြောက်စွာ ရတနာအဖြစ် ထုလုပ်ပြီး မှန်လုံခန်းကြီးထဲ ထည့်ပြထားသည့်ပမာတည်း။ ညစ်ကြေးမတင် ပကတိစင်ကြယ်နေသော နှလုံးသာအကြားမှ ဖြစ်ပေါ်လာသည့် ထို စိတ်တန်ခိုး စိတ်သတ္တိများ၏ အရောင်ကား ဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍ မရစကောင်းပြီ။ အသစ်တည်ပြီးစ တိုက်အိမ် တိုက်ခန်းလေးတစ်ခု ထိုဖိုလ်စိတ်များ ဖြစ်ပွားပြီးနောက် စိတ်သည် မိမိရှုလက်စ ရုပ်နာမ်ဖြစ်ပျက်ကိုသာ ကောက်ကိုင်ရတော့၏ ။ ထိုသို့သာ ကောက်ကိုင်လိုက်ရသော်လည်း ဖိုလ်ဇောကျရာရှိ စေတနာ၏ စေ့ဆော်အားသည် အလွန် အင်အားကြီးမားသည်ကတစ်ကြောင်း မည်သည့်ကမ္ဘာ မည်သည့်သံသရာ မည်သည့်ဘ၀မှာမှ မရဖူး၊ မတွေ့ဖူးခဲ့သော အတွေ့အထိကြီး ဖြစ်နေသည်က တစ်ကြောင်းများကြောင့် စိတ်သည် ဖိုလ်ဇောကျရာ အတိတ်အာရုံဆီသို့သာ ပြေးသွားချေတော့သည်။ ဖိုလ်စိတ်ကျစဉ်တုန်းက ခံစားခဲ့ရပုံများကိုသာ တသသ သတိရနေချေတော့သည်။ ၄င်းကိုကား ပစ္စ၀က္ခဏဉာဏ်ဟူ၍ ခေါ်ဆိုရချေ၏ ။ သို့မဟုတ် ရပြီးဖိုလ်ချမ်းသာကို ပြန်လည်ခံစာနေပါသည်ဟု၏ ။ ၄င်းပုဂ္ဂိုလ်ကို ဖလသမာပတ် ၀င်စားနေသောသူဟူ၍ ခေါ်ဆိုရပါ၏ ။ စိတ်ဖြူစင်မှုဖြင့် ထိုသို့ခံစားနေစဉ် … စိတ်သည် တွေးစိတ်လည်းမသွင်း ပြေးစိတ်လည်း မပင်းဘဲ အလွန်ရှင်းလင်းသောအမြင်ဖြင့် အထူးကြည်လင်လျက်က တည်၏။ ဆောက်ပြီးစ တိုက်သစ်တစ်ခု၏ အတွင်းခန်းထဲဝယ် တစ်ယောက်ထီးတည်း အေးချမ်းငြိမ်သက်စွာ ထိုင်နေရသည့်ပမာ အရှုပ်အထွေး ကင်းရှင်းစွာ ပကတိအသိ ပကတိအကြည့်ဖြင့် အမြင်ကြည်လျက်ပင် ရှိချေ၏ ။ ထို ဖိုလ်ချမ်းသာ ခံစားရမှုကား အာရုံပေါ်တိုင်းလည်း ဖြစ်ပွားနေတတ်လှ၏ ။ ကိုယ်ဝင်ချင်သလိုဝင်၍ရသော ကိုယ်ပိုင်အိမ်ကဲ့သို့ပင်ဖြစ်၏ ။ ဖိုလ်ဇောကျစဉ် အားကြီးမှုစိတ်စဉ်သို့လိုက်၍ အချို့ကား ရှုပွားနေကျ ဖြစ်ပျက် ရှုလျက်ကပင် ဖိုလ်ဇောဆီသို့ ထိုးဝင်ပြေး၏ ။ အချို့ကား ဖလသမာပတ် ၀င်စားလိုချိန် အာရုံပြုသည်နှင့် အဆင့်ဆင့် ကူးဝင်၏ ။ ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ တရစ်ဝဲ၀ဲခံစားနေခြင်းသည်ကား ရှေ့ခရီးဆက် တစ်ကွေ့ထွက်ရန်၏ အဟန့်အတားဆိုသည်ကိုလည်း သတိ ရှိပါလေ။ ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ အလယ်ကွက်ကွက် အတွေ့ဖက်နေခြင်းသည်ကား ရောင်းရာဝယ်ရာတို့မှ အမြတ်ထွက်လာသောငွေကို အခါခါထုတ် ရေတွက်နေပုံမျိုး ဆိုသည်ကိုလည်း သတိရှိပါလေ။ အသစ်လာလျှင် အဟောင်းကွာရန်ကြိုးစားပါ အကယ်လို့ သင်သည် ရှေ့ခရီးအထွက် ဆက်ချင်ခဲ့သော် ရပြီးဖိုလ်ချမ်းသာသို့ စိတ်မရောက်စေရန် အဓိဋ္ဌာန်ဖြင့် ဖြတ်တောက်ချအပ်၏ ။ ဤနေရာသည် ငါ့အတွက် ဘေးရန်မကင်းသေးပြီ ။ ၀ိသာခါမ လင်တော်ကိုပုည၏ အသုံးတော်ခံဘ၀မှ မထရသေးသည်ကို အောက်မေ့ရာ၏ ။ ၀ိသာခါမ အတွင်းရှိ ရာဂသွေး ဒေါသသွေးတို့က ကလိခံနေရသည်ကို သတိရှိရာ၏ ။ သောတာပန် အနာထပိဏ်ဘ၀ မယားပုညလက္ခဏ၏ လက်မှ မထွက်သေးသည်ကို အမှတ်ရရာ၏ ။ အနာထပိဏ်၏ဘ၀ မယားကိစ္စသားကိစ္စ လက်မှမချရသေးသည်ကိုလည်း အမှတ်ရရာ၏ ။ ငါသည် လေးဘက်သွားမှလွတ်သော်လည်း နှပ်မစင်သေး၊ ငါသည် နှပ်ပင်စင်သော်မှလည်း သင်္ခါရ၏ ပြုပြင်မှုအောက်က မလွတ်မြောက်သေး။ ဤသို့သော(သူ့ဖိုလ်ချမ်းသာ၌ အမုန်းဝင်စေသော) ဆင်ခြင်ဉာဏ်တို့ဖြင့် ဖြတ်တောက်အပ်၏ ။ ဖြတ်တောက်တတ်ပါမှလည်း ရှေ့ခရီးဆက်၍ ရ၏ ။ မိမိရှိ ရုပ်နာမ်ဖြစ်ပျက်သို့ ယခင်ရှုနေကျအတိုင်း ရှုမှတ်ခြင်းဖြင့်သာ အဆင့်တက်ရပါသည်ကို အားကိုးတတ်ပါမှလည်း ရှေ့ခရီး ဆက်၍ ရ၏ ။ ထိုသို့မဟုတ်ပါက မတွေ့စဖူး အတွေ့ထူးကြီး ဖြစ်နေ၍ ငြိတွယ်နေသည်က တစ်ကြောင်း၊ ကမ္ဘာ့ကမ္ဘာ သာသနာနှင့် ကြုံတိုင်း တောင့်တခဲ့သည်ကို ရနေသည်က တစ်ကြောင်း၊ ကာမအရသာထက်ကောင်းသော ဓမ္မအရသာ၌ ခံကောင်း ကောင်းနေသည်က တစ်ကြောင်း၊ ထိုအကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် လမ်းကြောင်း ထစ်ငေါ့နေတတ်လှချေသည်။ ငါတို့ခေတ် တစ်မဂ်မှ တစ်မဂ်သို့ မကူးဆက်နိုင်ခြင်းသည် ယင်းအကြောင်းခံတရားများကြောင့်ဆိုက မမှားတန်ရာပြီ။ မယားငြိ သားငြိကမှ တရားမမိသည်မဟုတ်၊ တရားအငြိကလည်း တရားမမိသည်ကို သက်သေထူနေခြင်းတည်း ။ ဤသို့ ငြိကပ်နေခြင်းကပင် မိမိ၌ ကိလေသာအား ကြီးလှပါကြောင်း ၀န်ခံချက်ပေးခြင်း မဟုတ်လော။ ခရီးမဆုံးမီ ခါးတောင်းကျိုက် မဖြုတ်လေနှင့်ဦး စိတ်ဓာတ်မည်းသူ ဖြူလိုမူ တူရှုခရီးဆက် ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အစီရင်ဖြင့်ပင် သစိတ္တ ပရိယောဒါပနံအရ စိတ်ဓာတ်ဖြူစင်ပုံ အခြင်းအရာ ရိပ်မိနိုင်လောက်ရာ၏ ။ ထို့ထက်ဆက်၍ ဖြူစင်လိုပါသော်ကား… တစ်မဂ်မှတစ်မဂ်သို့ တက်၍တက်၍သော်လည်းကောင်း၊ တစ်ဖိုလ်မှတစ်ဖိုလ်သို့ ထွက်၍ထွက်၍သော်လည်းကောင်း၊ ဖြူစင်သည်ထက် ဖြူစင်စွာ ကြိုးစားကြကုန်ရာ၏ ။ တစ်မဂ်မှ တစ်မဂ်သို့ တက်ကြရာတွင် သင့်မှတ်ချက်တစ်ချက်လျှင် အမည်း တစ်စက်တစ်စက်ပျောက် အဖြူတစ်ချက်တစ်ချက်တောက်စေ၏ ။ မဂ်ကျ ဖိုလ်ဝင် အရိယာဇာတ်ဝင်ပြီး သူတစ်ဦး၏ လက်ဝယ်ရှိ ရှုမှတ်ချက်တစ်ချက်ဟူသော မဂ္ဂအရာသည် ငွေစင်တစ်မတ်ပမာ ကြေးစွာ၏။ အစစွာသော ၀ိပဿနာရှင်လက်ဝယ်ရှိ မှတ်အားကဲ့သို့ ငါးပြားတစ်စေ့ မဟုတ်တော့ပြီ။ တစ်မဂ်တစ်မဂ်သို့ ခရီးပေါက်သွားလျှင်ကား အဖြူတစ်ချက်အတောက် အမည်းလည်း တစ်ကွက် အသက်ပျောက်စေ၏။ မဂ်ကျဖိုလ်ဝင်စဉ်ရှိ အရိယာဇာတ်သားတစ်ဦး၏ ရှုမှတ်ချက်ဟူသော မဂ်အရာသည်ကား ငွေစင်တစ်ကျပ်ပမာ ကြေးစွာ၏။ မဂ္ဂင်အရာရှိမှတ်အားကဲ့သို့ မတ်စေ့တစ်စေ့ မဟုတ်တော့ပြီး။ က။ အစစွာသော ၀ိပဿနာရှင်၏ မှတ်ချက်တစ်ချက်သည် မဂ္ဂင်အရာဝင်ရာ၏ အခြေခံမျှသာဆိုသည်ကို သတိရှိရာ၏ ။ ခ။ အရိယာဇာတ်သား၏ မှတ်ချက်တစ်ချက်သည် မဂ်ဝင်ရာ၏ မဂ္ဂင်အရာဆိုသည်ကို သတိရှိရာ၏ ။ ဂ။ မဂ်ကျဆဲကာလ၏ မှတ်ချက်တစ်ချက်သည်ကား ရှေ့မဂ်သွားရာ ဖ၀ါး နောက်မဂ် အထပ်ထားသောမဂ်အရာ၏ မဂ်ဆိုသည်ကို သတိရှိရာ၏ ။ ထိုသို့ ပျောက်သော အစက်အကွက်တို့ ကုန်ခန်းသော် ပေါက်သောအဖြူ ချက်တို့ချည်း အာရုံတိုင်း၏ နေရာအပြည့်လင်းမည်ကိုလည်း တစ်ထစ်ချ ယုံကြည်အပ်၏ ။ သစိတ္တပရိယောဒါပနံ၏ စိတ်အဖြူစင်ဆုံးကာလသည် အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို အကြွင်းမဲ့ လက်ကျန်မရှိ ပယ်ဖက်ပြီးသော အရိယာအရှင်သခင်ကြီးများ၏ အရိုက်အရာခံချိန်ကာလပင်တည်း။ ထိုအချိန်မျိုးနှင့် ထိုအချိန်မျိုး၏ နောက်ပိုင်းရှိ စိတ်တော်များသည် အသိရှိနေသည့်အလျောက် မသိမရှိပြီ ။ မသိမရှိတော့သည့်အလျောက် အသိရှိနေပြီ ။ သို့ကြောင့် မသိရာမှဖြစ်သော ပူပန်နောက်ကျုခြင်း ဥဒ္ဓစ္စ ကုက္ကစ္စများ မလာပြီ။ မသိရာမှဖြစ်သော မြတ်နိုးတက်ကြွ မာန်ထခြင်းမာန ကင်းပပြီ။ မသိရာမှဖြစ်သော စိတ်မခန့် ကိုယ်မကြံ့မှု ထိနမိဒ္ဓများလည်း ဖယ်ရှားသွားပြီ။ ချစ်မုန်းနှစ်ပါး ငါစွဲများနှင့် ကျန်အယုတ်တရားများ ယခင်ကပင် ရှောင်ရှားသွားပြီ ။ ထိုစိတ်မျိုးမှမဖြူ မည်သည့်စိတ် ဖြူမည်နည်း။ သို့ပါသောကြောင့် သစိတ္တပရိယောဒါပနံဟူ၍ ဘုရားရှင်တိုင်း၏ အဆုံးအမကို လိုက်နာလိုကြပါကုန်သော အရိယာလောင်းလျာ သူတော်စွာတို့သည် ထို အရဟတ္တဖိုလ်သို့အရောက် ခရီးပေါက်အောင် တောက်လျှောက်သွားကြပါလေကုန် … ရွှေကျောင်းကုန်းဆရာတော်(မဟာဗောဓိမြိုင်ဆရာတော်) ၀န၀ါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ်ပူဇော်ပါသည်။ http://348dhamma.blogspot.com/2012/12/blog-post_31.html?m=1

Friday, December 30, 2016

အံ့ဖွယ်ရှစ်ဖြာ သာသနာ

သာသနာ့အံ့ဖွယ်(၈)ဖြာ အရှင်ကေ၀လ(အလင်းစက်) {B.A-Eng, M.A-Sri Lanka} မကုဋာရာမမြန်မာကျောင်းတိုက်၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (14/04/2013) “အံ့ဖွယ်ရှစ်ဖြာ သာသနာ”ကဗျာကို တင်ပြလိုက်ရပါသည်၊၊ “အစဉ်နက်ဝှန်း၊ ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊ ရသာဆားတူ၊ ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း၊၊” “အစဉ်နက်ဝှန်း” သာသနာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူ၍ အစဉ်အတိုင်းကျင့်စဉ်နှင့်၊ ပန်းတိုင် များသည်အစဉ်အတိုင်း ထူးခြားနက်နဲပါသည်၊၊ “ကမ်းကိုမလွန်” သာသနာတော်တွင် လူသားများအတွက် ကျင့်ဝတ်စည်းကမ်းများ၊ သံဃာတော်များအတွက် ကျင့်ဝတ် စည်းကမ်းများဟူ၍ များစွာပင်တိကျစွာတည်ရှိပါသည်၊၊ သာသနာတော်အတွင်းတွင် လူနှင့်သံဃာတို့သည် ကျင့်ဝတ်များကိုဖောက်ဖြက်ခြင်း မပြုရပါ၊၊ “ရွံဖွယ်ဆယ်ပြစ်” အကယ်၍ သာသနာတော်အတွင်းမှ လူတစ်ယောက်၊ သို့မဟုတ်-ရဟန်းသံဃာတစ်ပါးသည် ဗုဒ္ဓရှင် တော်ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ရှိသော် ဗုဒ္ဓဘာသာကိုယ်ကျင့်တရား ပျက်ယွင်းသူအဖြစ်သို့ ရောက်ရပါသည်၊၊ ထိုသူမျိုးကို “ရွံမုန်းဖွယ်ကောင်းသူ”ဟု သတ်မှတ်ပါသည်၊၊ မတင့်တယ်သည့် စည်းကမ်းဖောက်ဖျက်သူ သည် တစ်နည်းနည်းဖြင့်သာသနာမှ အဝေးသို့လွင့်စင်ရပါတော့သည်၊၊ ဆိုလိုသည်မှာ စည်းပျက်သူတို့ သွားရလေ့ရှိသည့် လက်ရှိဘ၀ဆင်းရဲဘေးနှင့်၊ သံသရာဘ၀အပါယ်ဘေးများသို့ လွင့်စင်ကျရောက် ရခြင်း ဖြစ်ပါသည်၊၊ “တစ်မည်ဖြစ်ခြင်း” မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ မျိုးနွယ်အမျိုးမျိုးမှလူတို့သည် ကိုးကွယ်ဆည်းကပ်လာ လေ့ရှိကြသော်လည်း၊ သာသနာတော်အတွင်းသို့ရောက်သောအခါ “သကျပုတ္တ=ဘုရားရှင်၏သား တော်/သမီးတော်”ဟူ၍သာလျင် နာမည်တစ်မျိုးတည်းသာ ခံယူကြရပါသည်၊၊ “မယွင်း၊ မတိုး” နိဗ္ဗာန်ချမ်းသာသို့ ကိုယ်ကျင့်တရားကောင်းသူများစွာ ရောက်ရှိကြသဖြင့်၊ နိဗ္ဗာန်ချမ်းသာတွင် နေရာ ပြည့်သွားခြင်းနှင့်၊ လူတို့ကိုယ်ကျင့်တရား ဖောက်ဖျက်ကြသဖြင့် နိဗ္ဗာန်ချမ်းသာသို့ရောက်နိုင်သူနည်းပါးပြီး၊ နိဗ္ဗာန်ချမ်းသာတွင် ခြောက်ကပ်နေခြင်းဟူ၍ မရှိပါ၊၊ နိဗ္ဗာန်ချမ်းသာသည် အမြဲသာယာစိုပြေ နေပြီး၊ အေးချမ်းနေသည့်ချမ်းသာအစစ်တည်ရှိရာ ဖြစ်နေပါသည်၊၊ “ဆယ်မျိုးရတနာ” မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးတွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ ဆည်းကပ်ကိုးကွယ်သူများအားလုံးကို ရတနာဆယ်မျိုးတို့ ဖြင့် လူချမ်းသာများအဆင့်သို့ ရောက်ရှိစေပါသည်၊၊ “ရသာ ဆားတူ” မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပါသည်၊၊ လွတ်ငြိမ်းသည့် ချမ်းသာဖြစ်ပါသည်၊၊ ချမ်းသာအမျိုးမျိုးတွင် အစစ်မှန်ဆုံးသော ချမ်းသာစစ်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့ ခံစားရသည့်နောက်ဆုံးအရသာသည် “လွတ်မြောက်မှုအရသာ”တစ်ခုတည်းသာ ဖြစ်ပါသည်၊၊ “ကြီးသူနေရာ” မြတ်စွာဘုရားရှင် တည်ထောင်တော်မူသည့် သာသနာတော်သည် အမျိုးယုတ်ညံ့သူတို့ နေခွင့်ရှိသည့်နေရာ မဟုတ်ပါပေ၊၊ ဘုန်းကံမြင့်သူတို့သာ ကိုးကွယ်ဆည်းကပ်ခွင့်ရသည့် သာသနာတော်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်နေသူများသည် ပါရမီရှိကြသည့် ဘုန်းကံမြင့်မားသူများသာ ဖြစ်ပါသည်၊၊ http://ko-thitsar.blogspot.com/2013/04/blog-post.html?m=1

Saturday, December 24, 2016

ကံအမျိုးမျိုး - အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲ

အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲထားသည်။ (၎င်းတို့မှာ - ) ယခုဘဝမှာပင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the same lifetime)။ နောင်ဘဝတွင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the next life) နှင့်၊ ဘဝအဆက်ဆက် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in successive births) တို့ဖြစ်သည်။ ဤကံသုံးမျိုးတို့သည် အစေ့မှ အညှောက်ထွက်သကဲ့သို့ အကျိုးပေးရန် သေချာသည်။ သို့သော်လည်း အစေ့ကလေး အညှောက်ပေါက်ဖို့ရာ မြေဆီလွှာ၊ မိုးစသည်တို့ကဲ့သို့သော အခြားသော အကြောင်းအထောက်အပံ့များ လိုအပ် သည်။ အလားတူပင် ကံ အကျိုးပေးရန် အခြေအနေ၊ ပတ်ဝန်းကျင် စသည်တို့ကဲ့သို့သော အကူဖြစ်သည့် အကြောင်းအထောက် အပံ့များ လိုအပ်ပါသည်။ တစ်ခါတစ်ရံတွင်မူ ဤကဲ့သို့သော အကူအထောက်အပံ့ အကြောင်းများ လိုအပ်သည့်အတွက် ကံက မည်သည့် အကျိုးမျှ မပေးသည်လည်း ရှိတတ်ပါသေးသည်။ ဤကဲ့သို့သော အကျိုးမပေးသည့်ကံကို (၄) “အဟောသိကံ” “အကျိုးမပေးသည့်ကံ” ဟု ခေါ်ပါသည်။ ကိစ္စ အလုပ်လုပ်ပုံအားဖြင့် ကံကို (နည်းတစ်မျိုးဖြင့်) လေးမျိုးခွဲပြပြန်သည်။ ကံလေးမျိုးသည် - ၁။ ဇနကကံ (Regenerative Kamma) - ပဋိသန္ဓေကျိုး (ဘဝအစ)ကို ဖြစ်စေတတ် ပေးတတ်သောကံ၊ ၂။ ဥပတ္ထမ္ဘကကံ (Supportive Kamma) - ရှိပြီးသာကံ၏အကျိုပေးမှု (ဇနကကံနှင့် ၎င်း၏ အကျိုးပေးမှု)ကို ထောက်ပံ့ ကူညီမှုပေးတတ်၊ တည်တံ့စေတတ်သောကံ၊ ၃။ ဥပပီဠကကံ (Counteractive Kamma) - ပြန်လည်အကျိုးပေးတတ်သောကံ၏ အကျိုးပေးမှုကို အကျိုးပေး ခွင့် မရအောင် ဖိနှိပ်တတ် ချယ်လှယ်တတ်သော သို့မဟုတ် (အကျိုးပေးမသန်အောင်) ပြုပြင်တတ်သောကံ၊ ၄။ ဥပဃာတကကံ (Destructive Kamma) - ရှိပြီး (အကျိုးပေးပြီး)ကံ၏ စွမ်းအင်သတ္တိများကို ဖျက်ဆီးပြီး မိမိ ကိုယ်တိုင်၏ အကျိုးပေးမှုများဖြင့် အစားထိုး အကျိုးပေးတတ်သောကံ။ (ပဋိသန္ဓေ) အကျိုးပေးဖို့ရာ ဦးစားပေးမှု (အလှည့်အကြိမ်) အရ နောက်ထပ် ကံအမျိုးအစား ခွဲထားမှု ရှိပြန်သေးသည်။ (၎င်းတို့မှာ - ) ၁။ ဂရုကကံ (Serious or Weighty Kamma) - ယခုဘဝ သို့မဟုတ် နောင်(ဒုတိယ) ဘဝတွင် အကျိုးပေးသည့်ကံ။ ဤကံ၏ ကောင်းမြတ်သောဖက်မှ ကြည့်သော် (မဟဂ္ဂုတ် ဈာန်တရားသည် ဂရုကကံ ဖြစ်သည်။ အကြောင်းမှာ ဈာန်မဟုတ် သော ကုသိုလ်ကံများထက် အကျိုးပေးမြန်လှသောကြောင့်ပင်။ အဆိုးဖက်တွင်မူ အာနန္တရိယကံ (ဒုတိယဘဝတွင် အကျိုးပေး လေ့ရှိသောကံ) ငါးမျိုးသည် ကရုကကံ ဖြစ်သည်။ ၎င်းတို့မှာ အမိ သတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ ဘုရား ရှင်ကို သွေးထွက်အောင် လုပ်ခြင်းနှင့် သံဃာ အချင်းချင်း ကွဲအောင်ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ အာသန္နကံ (Death-proximate Kamma) ဆိုသည်မှာ သေခါနီးအချိန်၌ ကိုယ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ပြုလုပ်သော ကံဖြစ်သည်။ စိတ်ဖြင့်ပြုသည်ဟူသည် မိမိ၏ ရှေးကပြုလုပ်ခဲ့သော ကောင်းသောအလုပ် မကောင်းသောအလုပ် (ကောင်းကံ၊ မကောင်းကံ)များကို တွေးမိ သတိယမိခြင်း၊ ကောင်း မကောင်းသော အတွေး၊ စိတ်များရှိခြင်းကို ဆိုလိုသည်။ မိမိ၌ ဂရုကကံ မရှိခဲ့သော် ဤအာသန္နကံသည်ပင် ပဋိသန္ဓေကျိုးကို ပေးပါသည်။ အာစိဏ္ဏကံ(Habitual Kamma) ဆိုတာ မိမိ အမြဲမပြတ်ပြုလုပ်နေတဲ့ ကံကို ခေါ်တာပါ။ အာသန္နကံ မရှိရင်တော့ ဒီကံကပဲ အကျိုးဝင်ပေးပြီး နောက်ဘဝကို ဖန်တီးပေးတော့တာပဲ။ ကဋတ္တာကံ (Reserved Kamma) ဆိုတာ ဦးစားပေး အကျိုးပေးမှုကံတွေထဲမှာ နောက်ဆုံးကံပါ။ မည်သည့် သတ္တဝါကမျှ ဒီကံကို မျှော်လင့်မထားပါဘူး။ အကျိုးပေးဖို့ အာစိဏ္ဏကံမရှိဘူးဆိုရင် ဒီကံက ပဋိသန္နေကျိုးကို (နောက်ဘဝကို) ဖြစ်စေတော့ ပေးတော့တာပါပဲ။ (ရှေးရှေးဘဝတို့၌ ပြုအပ်ပြီးသော စေတနာနှင့် ယခုဘဝတွင် ဂရုက အာသန္န အာစိဏ္ဏအခြေအနေသို့ မရောက် တတ်ဘဲ အမှတ်တမဲ့ သာမန်မျှ ပြုအပ်သောကံများကို “ကဋတ္တာကံ“လို့ခေါ်ကြောင်း ဆရာတော် အရှင် ဇနကာဘိဝံသရဲ့ “သင်္ဂြိုဟ် ဘာသာဋီကာ၊ စာမျက်နှာ ၃၄၃၊ နယူးဘားမားအော့(ဖ်)ဆက် ပိဋကပုံနှိပ်တိုက်၊ ဧကာဒသမအကြိမ်” မှာ ရှင်းပြထားပါတယ်လို့ ဘာသာပြန်သူက ဖြည့်စွက် ဖော်ပြလိုက်ပါတယ်)။ အကျိုးပေးတဲ့နေရာကိုလိုက်ပြီး နောက်တမျိုးတစား ခွဲခြားထားပြန်သေးတယ်။ အဲဒီကံတို့ရဲ့အမည်တွေကတော့ - ၁။ အပါယ်ဘုံမှာ အကျိုးပေးတဲ့ အကုသိုလ်ကံ၊ ၂။ ကာမသုဂတိဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊ ၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊ ၄။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ တို့ဖြစ်ပါတယ်။ ၁။ အကုသိုလ်ကံတို့သည် လောဘ၊ ဒေါသနှင့် မောဟတရားကြောင့် ဖြစ်ရသည်။ အကုသိုလ်ကံ ဆယ်မျိုး ရှိပါတယ်။ အဲဒါတွေ ကတော့ - အသက်သတ်ခြင်း၊ ခိုးယူခြင်း၊ မမြတ်သောကာမသွားလာခြင်း၊ (ဤသုံးမျိုးသည် ကာယကံ မည်ပါသည်။)၊ လိမ်ညာခြင်း၊ ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း)၊ နာခံခက်သည့် စကားကို ပြောခြင်း၊ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက်စကားမျိုးကို ပြောခြင်း။ (ဤလေးမျိုးသည် ဝစီကံကြောင့် ဖြစ်၏။)၊ သူတစ်ပါး စည်းစိမ်ကို လိုချင်ရချင်မှု(အဘိဇ္ဈာ)၊ သူတစ်ပါးကို သေကျေ ပျက်စီးစေလိုသည့် ဒေါသကြမ်း (ဗျာပါဒ)နှင့် အမြင်မှား အယူအဆမှား (မိစ္ဆာဒိဋ္ဌိ) (ဤသုံးမျိုး သည် မနောကံ)တို့ပဲ ဖြစ်ပါ တယ်။ ဤဆယ်မျိုးတွင် - သတ်ခြင်းဆိုသည်မှာ တိရစ္ဆာန်မျိုးစုံ အပါအဝင် သက်ရှိသတ္တဝါကို သတ်ခြင်းကို ဆိုလိုတာပါ။ အင်္ဂါငါးမျိုးနှင့် ပြည့်စုံမှ ဒီကံမြောက် (သတ်မှုမြောက်)တာပါ။ ၎င်းတို့ကတော့ - သတ္တဝါဖြစ်ခြင်း၊ သတ္တဝါလို့ သိခြင်း၊ သတ်လို သေစေလို သော စေတနာရှိခြင်း၊ အားထုပ်ခြင်း (သတ်ခြင်း)နှင့် သတ်လို့သေခြင်း တို့ဖြစ်ပါတယ်။ အသက်သတ်ခြင်းရဲ့ မကောင်းကျိုးတွေ ကတော့ အသက်တိုခြင်း၊ ရောဂါများခြင်း၊ ချစ်ရမြတ်နိုးရသူနှင့် ခွဲခွါရခြင်းကြောင့် အမြဲ သောကရောက်ရခြင်းနှင့် အမြဲ ကြောက် ရွံ့ရခြင်းတို့ ဖြစ်ပါတယ်။ ခိုးမှုမြောက်ဖို့ကတော့ အင်္ဂါငါးမျိုးလိုအပ်ပြီး အဲဒါတွေကတော့ - သူတစ်ပါးပစ္စည်းဖြစ်ခြင်း၊ သူတစ်ပါးရဲ့ ပစ္စည်းလို့ သိခြင်း၊ ခိုးယူလိုစိတ်ရှိခြင်း၊ ခိုးယူခြင်းနှင့် ထားတဲ့နေရာမှ ရွေ့ခြင်းတို့ဖြစ်ပါတယ်။ ခိုးခြင်းရဲ့ အကျိုးတွေကတော့ ဆင်းရဲမွဲတေခြင်း၊ စိတ်ဆင်းရဲရခြင်း၊ လိုတာမရရှိ မပြည့်စုံခြင်း၊ သူတစ်ပါးကို မှီခိုကပ်ရပ်နေရတတ်ခြင်းတို့ ဖြစ်ပါတယ်။ မမြတ်သော ကာမသွားလာခြင်းကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ရှိပြီး အဲဒီ အင်္ဂါတွေကတော့ တားမြစ်(စောင့်ရှောက်) ထားတဲ့သူဖြစ်ခြင်း၊ သွားလာ (လွန်ကျူး)ဖို့ အားထုပ်ခြင်း၊ ရအောင် ကြံစည်လှည့်လည် ပရိယာယ်ဆင်ခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မမြတ်သော ကာမသွားလာခြင်းရဲ့ ဆိုးကျိုးတွေကတော့ ရန်သူများခြင်း၊ ရယူပိုင်ဆိုင်လိုသည့် ဇနီးကို မရခြင်း၊ မိန်းမဖြစ်ရခြင်းနှင့် မိန်းမစိုး (eunuch) ဖြစ်ရခြင်းတို့ပါပဲ။ မုသာဝါဒကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ကတော့ - မဟုတ်မမှန်ခြင်း၊ လိမ်လည် လှည့်ဖြားလိုစိတ်ရှိခြင်း၊ လိမ်ခြင်းနှင့် လိမ်သည့်အတိုင်း သိခြင်း (ယုံခြင်း) တို့ဖြစ်ပြီး၊ ဆိုးကျိုးတွေကတော့ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခံရခြင်း၊ သွားပုပ်လေလွင့် (အမနာပ) အပြောခံရခြင်း၊ ယုံကြည်မှု မခံရခြင်းနှင့် ခံတွင်းနံ့ နံခြင်းတို့ ဖြစ်သည်။ ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း) ကံမြောက်ဖို့ရာလည်း အင်္ဂါလေးရပ် လိုအပ်ပြီး အဲဒါတွေကတော့ ခွဲရမည့်သူများ ရှိခြင်း၊ သွေးခွဲလိုစိတ်ရှိခြင်း၊ သွေးခွဲဖို့လုပ်ခြင်းနှင့် ပြောဆိုခံရသူ (သွေးခွဲခံရသူ)က သိခြင်းတို့ ဖြစ်ပါသည်။ ဤကံ၏ အကျိုးကတော့ လုံလောက်သော အကြောင်းတစ်စုံတစ်ရာ မရှိပဲ မိတ်ပျက်ရခြင်းပင် ဖြစ်သည်။ နာခံခက်သည့် စကားကို ပြောခြင်း (ဆဲရေးတိုင်းထွာခြင်း) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါသုံရပ်မှာ - ဆဲရေးတိုင်းထွာ ရမည့်သူ၊ စိတ်ဆိုးဒေါသထွက်ခြင်းနှင့် ဆဲရေးတိုင်းထွာသည့် စကားတို့ကို ပြောဆိုခြင်းတို့ ဖြစ်သည်။ ဒီကံရဲ့ အကျိုးတွေကတော့ အပြစ်မရှိသော်လည်း အမုန်းခံရခြင်းတတ်ခြင်းနှင့် အသံဆိုးခြင်းတို့ ဖြစ်သည်။ အကျိုးမပြီး အချီးနှီးသောစကားကို ပြောဆိုခြင်းကံမြောက်ရန် အချက်နှစ်ရပ်လိုအပ်ပြီး ၎င်းတို့ကတော့ အနှစ်ကင်းမဲ့ပေါ့ပျက်ပျက် စကားမျိုးကို ပြောလိုစိတ်ရှိခြင်းနှင့် ပြောဆိုခြင်းတို့ဖြစ်သည်။ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက် စကားမျိုးကို ပြောခြင်းရဲ့ အကျိုးတွေ ကတော့ ခန္ဓာကိုယ်အင်္ဂါကြီးငယ်တို့ မညီမညွတ်ရှိခြင်းနှင့် မိမိပြောစကားကို လက်မခံခြင်းတို့ပဲဖြစ်ပါတယ်။ သူတစ်ပါးစည်းစိမ်ကို လိုချင်ရချင်မှု (အဘိဇ္ဈာ) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါနှစ်ရပ်မှာ - သူတစ်ပါး စည်းစိမ်ဥစ္စာဖြစ်ခြင်း နှင့် “ဒါ ငါ့ဥစ္စာဖြစ်လျှင် ကောင်းမှာပဲ” လို့ပြောလျက် ရလိုစိတ်ပြင်းပြခြင်းတို့ ဖြစ်သည်။ အကျိုးတရားကတော့ မိမိဆန္ဒ မပြည့်ဝ ရခြင်းပင်။ သူတစ်ပါးကို သေကျေ ပျက်စီးစေလိုမှု ကြမ်းတမ်းသော ဒေါသ (ဗျာပါဒ) ကံမြောက်ဖို့ရာ အင်္ဂါနှစ်ရပ် လိုအပ်ပြီး ယင်းအင်္ဂါ နှစ်ရပ်မှာ - အခြားသောလူ၊ သတ္တဝါဖြစ်ခြင်းနှင့် ထိခိုက်နစ်နာ ပျက်စီးစေလိုခြင်းတို့ ဖြစ်သည်။ အကျိုးတွေကတော့ အကြည်း တန်ခြင်း၊ အနာရောဂါများခြင်းနှင့် မုန်းစရာကောင်းတဲ့ သဘာဝရှိခြင်းတို့ပါပဲ။ အမြင်မှား အယူအဆမှားခြင်း (မိစ္ဆာဒိဋ္ဌိ)ဆိုတာ တရားသဘောတွေကို ယထာဘူတကျကျ (အရှိ အရှိအတိုင်း) မမြင်နိုင် နားမလည်နိုင်ပဲ (မှားယွင်းဖောက်ပြန် မမှန်မကန်) မြင်မှုကို ဆိုလိုတာပါပဲ။ ဒီကံမြောက်ဖို့ အချက်နှစ်ချက် လိုအပ်ပါတယ်။ ယင်းတို့မှာ ဖောက်ပြန်မှားယွင်းစွာ ရှုမြင်ခြင်းနှင့် ထိုအမြင်အတိုင်း သိမြင်နားလည်ခြင်းတို့ ဖြစ်ပါတယ်။ ဒီကံရဲ့ အကျိုးတွေ ကတော့ကား အရင်းခံတွယ်တာမှု အားကြီးခြင်း၊ ဉာဏ်ပညာကင်းခြင်း၊ ဉာဏ်ထိုင်းခြင်း၊ နာတာရှည်ရောဂါများ ခံစားရခြင်းနှင့် ကဲ့ရဲ့ဖွယ်ရာ အတွေးအခေါ် အယူအဆများရှိခြင်းတို့ ဖြစ်ပါတယ်။ (Expositor, I, P. 128) ကာမာဝစရဘုံမှာ အကျိုးပေးတတ်တဲ့ ကုသိုလ်ကံတွေကတော့ ဆယ်မျိုးရှိပါတယ်။ အဲဒီ ကုသိုလ်ကံတွေကတော့ - စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း (ဒါန)၊ ကိုယ် နှုတ်တို့ကို ကောင်းစွာ စောင့်ထိန်းမှု (သီလ)၊ ကမ္မဋ္ဌာန်း ပွားများမှု (ဘာဝနာ)၊ ရိုသေ လေးစားမှု (အပစာယန)၊ ကူညီဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)၊ ကုသိုလ် ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)၊ အခြား သောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်းမြောက် ဝမ်းသာဖြစ်မှု (ပတ္တာ-နုမောဒန)၊ တရားတော်ကို နာယူခြင်း (ဓမ္မသဝန)၊ တရားဟောခြင်း (ဓမ္မဒေသနာ) နှင့် အယူမှန်ကို ပြုခြင်း (ဒိဋ္ဌိဇုကမ္မ)တို့ဖြစ်သည်။ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (ဒါန)က ဥစ္စာဓန ပေါများစေတတ်သည်။ သီလက ကာမဘုံတွင် မြင့်မြတ်သော အမျိုး၌ မွေးဖွား စေတတ်သည်။ ဘာဝနာက ရူပဘုံ အရူပဘုံတို့သို့ ရောက်စေတတ်ပြီး အရဟတ္တမဂ်ဉာဏ် (Higher Knowledge)နှင့် လွတ်မြောက်မှုကို ရရန် အထောက်အကူပေးသည်။ ရိုသေလေးစားမှု (အပစာယန)သည် မြင့်မြတ်သော မိဘမျိုးရိုးတွင် မွေးဖွားရခြင်း၏ အကြောင်းဖြစ်ပြီး ကူညီ ဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)က အခြွေအရံများခြင်း၏ အကြောင်းဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)က မိမိကို အနာဂတ်ဘဝမှာ ပေါပေါများများ ပေးလှူနိုင်အောင် ဖြစ်စေတတ်ပါတယ်။ အခြားသောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်း မြောက် ဝမ်းသာဖြစ်မှု(ပတ္တာနုမောဒန)ကတော့ ဘယ်တော့ မွေးမွေး ပျော်ရွှင်ရမှုကို အကျိုးပြုပေးပါတယ်။ ဓမ္မသဝန နှင့် ဓမ္မဒေသနာ (တရားနာမှု၊ တရားဟောမှု) တို့ကတော့ ဉာဏ် ပညာကြီးမားမှုကို ဖြစ်စေပါသည်။ ၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက ငါးမျိုးရှိပါတယ်။ အဲဒီကံတွေဟာ စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ - (က) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးရှိသော ပဌမဈာန်။ (ခ) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ဒုတိယဈာန်။ (ဂ) ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော တတိယဈာန်။ (ဃ) သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော စတုတ္ထဈာန်။ (င) ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ပဉ္စမဈာန် တို့ဖြစ်ပါတယ်။ ၄။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက လေးမျိုးရှိပါတယ်။ အဲဒီကံတွေဟာလည်း စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ - (က) အာကာသာနဉ္စာယတနကုသိုလ်စိတ်၊ (ခ) ဝိညာနဉ္စာယတနကုသိုလ်စိတ်၊ (ဂ) အာကိဉ္စညာယတနကုသိုလ်စိတ် (ဃ) နေဝသညာ နာသညာယတနကုသိုလ်စိတ် တို့ဖြစ်ပါတယ်။ ဘာသာပြန်သူ၏ အမှာ။ (ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ Essential Themes of Buddhist Lectures စာအုပ်မှ Classification of Kamma ကို ဘာသာပြန်ပါသည်။ ဤကံများနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကား များလှ၏။ ဆရာတော်ကြီးကား အချိန်အကန့်အသတ်အတွင်းမှ ဟောပြောရခြင်းကြောင့် တစ်ကြောင်း၊ သာမန် ပရိတ်သတ်ကို ဟောပြောရ ခြင်းကြောင့် တစ်ကြောင်း ဤမျှလောက်သာ ဟောပြောခဲ့ခြင်း ဖြစ်မည်ထင်ပါသည်။ အသေးစိတ် သိလိုသူများ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏ “သင်္ဂြိုဟ်ဘာသာဋီကာ“၊ ဧကာဒသမအကြိမ်၊ စာ၊ ၃၃၃ - ၄၁၀ ကို ဖတ်ရှုကြပါရန်)။ ဘုန်းဉာဏ် Sitiawan, Malaysia (၁၄၊ ၀၂၊ ၂၀၁၀၊ တနင်္ဂနွေ၊ တရုတ်နှစ်သစ်ကူးနေ့)

Wednesday, December 14, 2016

၂၄ပစ္စည်း မြန်မာလို အကျယ်

၂၄ပစ္စည်း မြန်မာလို အကျယ် ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်) အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်) အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်) အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ) သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ) သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ (ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို) အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ (သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု) နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ (သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု) ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်) ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု) ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု) အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။) ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု) ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု) အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။) ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့) ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။) မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။) သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။) ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။) အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။) နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။) ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။) အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။) ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဋ္ဌာန်း ၂၄-ပစ္စည်း မြန်မာ-အင်္ဂလိပ် ဟေတု ပစ္စယ = The relation way of root. အာရမ္မဏ ပစ္စယ = The relation of object. အဓိပတိပစ္စယ = The relation of dominance. အနန္တရ ပစ္စယ = The relation of contiguity. သမနန္တရ ပစ္စယ = The relation of immediate contiguity. သဟဇာတ ပစ္စယ = The relation of Co-existence. အညမည ပစ္စယ = The relation of reciprocity. နိဿယ ပစ္စယ = The relation of dependence. ဥပနိဿယ ပစ္စယ = The relation of Sufficing condition. ပုရေဇာတ ပစ္စယ = The relation of pre-existence. ပစ္ဆာဇာတ ပစ္စယ = The relation 0f post-existence. အာသေ၀န ပစ္စယ = The relation of habitual recurrence. ကမ္မ ပစ္စယ = The relation of Kamma. ၀ိပါက ပစ္စယ = The relation of effect. အာဟာရ ပစ္စယ = The relation of food. ဣန္ဒြိယ ပစ္စယ = The relation of control. ဈာန ပစ္စယ = The relation of jhana. မဂ္ဂပစ္စယ = The relation of path. သမ္ပယုတ္တ ပစ္စယ = The relation of association. ၀ိပ္ပယုတ္တ ပစ္စယ = The relation of dissociation. အတ္ထိ ပစ္စယ = The relation of presence. နတ္ထိ ပစ္စယ = The relation of absence. ၀ိဂတ ပစ္စယ = The relation of abeyance. အ၀ိဂတ ပစ္စယ = The relation of continuance. http://mraungj.multiply.com

Friday, November 11, 2016

ဝိပဿနာဆိုတာ ဘာလဲ

ဝိပဿနာဆိုတာ ဘာလဲ ++++++++++++++ (ဝိပဿနာဘာဝနာ အကြောင်းသိကောင်းစရာ) ***************************** ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။ စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။ ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို ပညတ်အပေါ်ကဖုံးပြီး မြင်နေကြပါတယ်။ အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ် အတိုင်း မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။ သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း ကွယ်ထားခြင်း ခံနေရပါတယ်။ အဲဒါတွေက ဘာတွေလဲလို့ဆိုတော့ (၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။ (၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။ (၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။ (၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။ ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက် အမှန်တကယ် အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။ ၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။ ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊ စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊ မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။ ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ် စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။ နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင် နာမည်ကပဲ ခိုက်တယ်။ နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။ ဒါဟာ မူလ (ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊ နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။ ၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု တစ်စပ်တည်းမဟုတ်ဘူး။ (အပြတ်တွေ) ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက်အောင် ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့ တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင် မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။ ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။ ၃။“သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ” ကိုတော့ ဒီလိုမှတ်သားရပါမယ်။ ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊ သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။ စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။ အပေါင်းအစုရယ်လို့ မရှိပါဘူး။ ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။ အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့ ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။ ၄။ “သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံ” ကတော့ ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊မိန်းမသဏ္ဌာန်၊ ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။ အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။ ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့ တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊ တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။ ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊ ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။ လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေ လုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့ မြေမှုန့်အစစ်သာ ဖြစ်တယ်။ ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေ ကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင် ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။ အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။ ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။ သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်းတန်းမိနေတာက ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို ၊ တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ ၊ သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။ ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။ ■“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ် အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့ ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်း ဖြစ်တယ်လို့ပြောရပါမယ်။ ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။ ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။ (တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့ ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။ ဝိပဿနာဟူသည် ဝိ= အထူး၊ ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည် (ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။ “ခန္ဓာဒိ သင်္ခတဓမ္မေ၊ အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊ “ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန ဝိဝိဒံပဿတီတိ ဝိပဿနာ” (မဟာသတိပဋ္ဌာနသုတ်)ဟူ၍ပြဆိုထားရာ၊ (ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက် (ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏ (အနိစ္စ) မမြဲခြင်း၊ (ဒုက္ခ) ဆင်းရဲခြင်း၊ (အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့် အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့် မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။ ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။ ♦ ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့ ညွှတ်တတ်သော သဘောကတစ်မျိုး၊ မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ ၊ သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက် (နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။ ♦ ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့်ဖြစ်တယ်လို့ စသည်ဖြင့် အကြောင်းနှင့်တကွ ပိုင်းခြားသိတဲ့ဥာဏ်ကိုတော့ (ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။ ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။ ဒီဥာဏ်နှစ်ပါးကိုရရင် “ စူဠသောတာပန် ” လို့ ခေါ်ပါတယ်။ ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ “ သောတာပန်အငယ်စား ” လို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့ (၁)။ သမ္မသနဥာဏ်။ (၂)။ ဥဒယဗ္ဗယဥာဏ်။ (၃)။ဘင်္ဂဥာဏ်။ (၄)။ဘယဥာဏ်။ (၅)။ အာဒီနဝဥာဏ်။ (၆)။နိဗ္ဗိဒါဥာဏ်။ (၇)။ မုဉ္စိတုကမျတာဥာဏ်။ (၈)။ ပဋိသင်္ခါဥာဏ်။ (၉)။ သင်္ခါရုပေက္ခဥာစ်။ (၁၀)။ အနုလောမဥာဏ် ဆိုပြီး ဝိပဿနာဥာဏ်ဆယ်ပါးရှိပါတယ်။ ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က(၁၀) ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ ၊ အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။ ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။ လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။ “ မဂ်ဥာဏ်သို့ကူးပုံ ” အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။ အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို “အဘိဓမ္မသင်္ဂဟကျမ်း” မှာ ပြထားတာရှိပါတယ်။ ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင် ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့ ဂေါတြဘူစိတ်ဖြစ်ပါတယ်။ ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။ ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။ အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။ အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။ အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက် ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင် နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။ လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။ သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။ ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။ အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။ (၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ 【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】 :::::::::::::::::::::::::::::::::::::::::::::::::::::::::: (မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်) shared from ဓမ္မရေချမ်းစင် fb