Friday, December 30, 2016

အံ့ဖွယ်ရှစ်ဖြာ သာသနာ

သာသနာ့အံ့ဖွယ်(၈)ဖြာ အရှင်ကေ၀လ(အလင်းစက်) {B.A-Eng, M.A-Sri Lanka} မကုဋာရာမမြန်မာကျောင်းတိုက်၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (14/04/2013) “အံ့ဖွယ်ရှစ်ဖြာ သာသနာ”ကဗျာကို တင်ပြလိုက်ရပါသည်၊၊ “အစဉ်နက်ဝှန်း၊ ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊ ရသာဆားတူ၊ ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း၊၊” “အစဉ်နက်ဝှန်း” သာသနာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူ၍ အစဉ်အတိုင်းကျင့်စဉ်နှင့်၊ ပန်းတိုင် များသည်အစဉ်အတိုင်း ထူးခြားနက်နဲပါသည်၊၊ “ကမ်းကိုမလွန်” သာသနာတော်တွင် လူသားများအတွက် ကျင့်ဝတ်စည်းကမ်းများ၊ သံဃာတော်များအတွက် ကျင့်ဝတ် စည်းကမ်းများဟူ၍ များစွာပင်တိကျစွာတည်ရှိပါသည်၊၊ သာသနာတော်အတွင်းတွင် လူနှင့်သံဃာတို့သည် ကျင့်ဝတ်များကိုဖောက်ဖြက်ခြင်း မပြုရပါ၊၊ “ရွံဖွယ်ဆယ်ပြစ်” အကယ်၍ သာသနာတော်အတွင်းမှ လူတစ်ယောက်၊ သို့မဟုတ်-ရဟန်းသံဃာတစ်ပါးသည် ဗုဒ္ဓရှင် တော်ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ရှိသော် ဗုဒ္ဓဘာသာကိုယ်ကျင့်တရား ပျက်ယွင်းသူအဖြစ်သို့ ရောက်ရပါသည်၊၊ ထိုသူမျိုးကို “ရွံမုန်းဖွယ်ကောင်းသူ”ဟု သတ်မှတ်ပါသည်၊၊ မတင့်တယ်သည့် စည်းကမ်းဖောက်ဖျက်သူ သည် တစ်နည်းနည်းဖြင့်သာသနာမှ အဝေးသို့လွင့်စင်ရပါတော့သည်၊၊ ဆိုလိုသည်မှာ စည်းပျက်သူတို့ သွားရလေ့ရှိသည့် လက်ရှိဘ၀ဆင်းရဲဘေးနှင့်၊ သံသရာဘ၀အပါယ်ဘေးများသို့ လွင့်စင်ကျရောက် ရခြင်း ဖြစ်ပါသည်၊၊ “တစ်မည်ဖြစ်ခြင်း” မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ မျိုးနွယ်အမျိုးမျိုးမှလူတို့သည် ကိုးကွယ်ဆည်းကပ်လာ လေ့ရှိကြသော်လည်း၊ သာသနာတော်အတွင်းသို့ရောက်သောအခါ “သကျပုတ္တ=ဘုရားရှင်၏သား တော်/သမီးတော်”ဟူ၍သာလျင် နာမည်တစ်မျိုးတည်းသာ ခံယူကြရပါသည်၊၊ “မယွင်း၊ မတိုး” နိဗ္ဗာန်ချမ်းသာသို့ ကိုယ်ကျင့်တရားကောင်းသူများစွာ ရောက်ရှိကြသဖြင့်၊ နိဗ္ဗာန်ချမ်းသာတွင် နေရာ ပြည့်သွားခြင်းနှင့်၊ လူတို့ကိုယ်ကျင့်တရား ဖောက်ဖျက်ကြသဖြင့် နိဗ္ဗာန်ချမ်းသာသို့ရောက်နိုင်သူနည်းပါးပြီး၊ နိဗ္ဗာန်ချမ်းသာတွင် ခြောက်ကပ်နေခြင်းဟူ၍ မရှိပါ၊၊ နိဗ္ဗာန်ချမ်းသာသည် အမြဲသာယာစိုပြေ နေပြီး၊ အေးချမ်းနေသည့်ချမ်းသာအစစ်တည်ရှိရာ ဖြစ်နေပါသည်၊၊ “ဆယ်မျိုးရတနာ” မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးတွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ ဆည်းကပ်ကိုးကွယ်သူများအားလုံးကို ရတနာဆယ်မျိုးတို့ ဖြင့် လူချမ်းသာများအဆင့်သို့ ရောက်ရှိစေပါသည်၊၊ “ရသာ ဆားတူ” မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပါသည်၊၊ လွတ်ငြိမ်းသည့် ချမ်းသာဖြစ်ပါသည်၊၊ ချမ်းသာအမျိုးမျိုးတွင် အစစ်မှန်ဆုံးသော ချမ်းသာစစ်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့ ခံစားရသည့်နောက်ဆုံးအရသာသည် “လွတ်မြောက်မှုအရသာ”တစ်ခုတည်းသာ ဖြစ်ပါသည်၊၊ “ကြီးသူနေရာ” မြတ်စွာဘုရားရှင် တည်ထောင်တော်မူသည့် သာသနာတော်သည် အမျိုးယုတ်ညံ့သူတို့ နေခွင့်ရှိသည့်နေရာ မဟုတ်ပါပေ၊၊ ဘုန်းကံမြင့်သူတို့သာ ကိုးကွယ်ဆည်းကပ်ခွင့်ရသည့် သာသနာတော်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်နေသူများသည် ပါရမီရှိကြသည့် ဘုန်းကံမြင့်မားသူများသာ ဖြစ်ပါသည်၊၊ http://ko-thitsar.blogspot.com/2013/04/blog-post.html?m=1

No comments:

Post a Comment