Wednesday, August 12, 2015

"တရားထိုင်တယ်ဆိုတာ”

တရားထိုင်တယ်ဆိုတာ...
တင်ပလ္လင်ခွေထိုင်ပြီး မလှုပ်မယှက်
ငြိမ်ပြီးထိုင်နေမှ တရားထိုင်တယ်လို့
လူတွေက ထင်နေကြတယ်။
ဒါပေမယ့် ရုပ်ကြီးကသာ မလှုပ်မယှက်ပဲ
ငြိမ်နေပေမယ့် စိတ်တွေကတော့
အပြင်လောကမှာ တွေးနေရင် ကြံနေရင်
ပြေးလွှားပျံ့လွင့်နေရင်
တရားထိုင်တယ်လို့ မခေါ်ပါဘူး
အဲဒါ ထိုင်ရင်းငုတ်တုတ် စဉ်းစားခန်းထုတ်နေတာပါ။

နောက်ပြီး မလှုပ်မယှက်သာ ထိုင်နေပေမယ့်
ခေါင်းကြီးတွေက ရှေ့ကို ဇတ်ခနဲ ဇတ်ခနဲ
ထိုးထိုးကျသွားတာ တရားထိုင်နေတာလား။
မဟုတ်ပါဘူး ထိန မိဒ္ဓလို့ ခေါ်တဲ့
ငိုက်မြည်းနေခြင်းပဲ ဖြစ်ပါတယ်။
ကဲ သတိရှိသေးရဲ့လား။
သတိ အသိမရှိရင် တည်ငြိမ်မှု သမာဓိ မရတော့ဘူး။

တရားအားထုတ်တယ်ဆိုတာ
ကိုယ့်ရုပ်ကို ကိုယ်ကြည့်တာ
ကိုယ့်စိတ်ကို ကိုယ်ကြည့်တာပါပဲ။

တရားအားထုတ်တယ်ဆိုတာ
ရုပ်အလုပ်မဟုတ်ဘူး စိတ်အလုပ်။
အဲဒီတော့ စိတ်ထဲမှာ သတိရှိရဲ့လား
ပျံ့လွင့်နေသလား ကိုယ့်စိတ်ကို
ကိုယ်စစ်ရင် သိနိုင်ပါတယ်။

ဒီနေ့ လောကကြီးကို ကြည့်လိုက်ရင်
ကမ္ဘာမှာ သန်း၇ထောင်ကျော်ရှိတဲ့ အထဲမှာ
ကိုယ့်စိတ် ကိုယ့်ရုပ်ကို ကြည့်တဲ့သူနဲ့
အပြင်လောကကြီးကို ကြည့်တဲ့သူ
ဘယ်သူက များပါသလဲ။

တစ်သံသရာလုံး ကိုယ့်ရုပ် ကိုယ့်စိတ်ကို
မကြည့်ခဲ့ မသိခဲ့လို့ ဒီနေ့အထိ
အို၊ နာ၊ သေခြင်းဆိုတဲ့ သံသရာဝဋ်ကြီးထဲမှာ
ဆင်းရဲဒုက္ခတွေ ခံစားပြီးတော့ နေနေရတာပါပဲ။

ဒီကနေ့တော့ဖြင့် တစ်ဘဝ တစ်ခန္ဓာ
သာသနာနဲ့ ကြုံခိုက် ဘုရားဆုံးမတဲ့အတိုင်း
ကိုယ့်ရုပ် ကိုယ့်စိတ်ကို ပြန်ကြည့်တဲ့
ဝိပဿနာတရားတွေ ကြိုးစားအားထုတ်ကြပါစို့။

ကျောက်ပန်းတောင်း သဲအင်းဂူကျောင်းဆရာတော်
မဟာကမ္မဌာနစရိယ ဦးဓမ္မသာမိ

No comments:

Post a Comment