Monday, August 6, 2012
လောကုတ္တရာ = လောက + ဥတ္တရ လောက = ဥပါဒါနက္ခန္ဓာ ၅ ပါး/တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာ မှန်သမျှ/မြင်နေသမျှ တွေ့ကြုံနေသမျှ အားလုံး ဥတ္တရ = လွန်မြောက်ခြင်း
လောကုတ္တရာ ၉ ပါး
လောကုတ္တရာ = လောက + ဥတ္တရ
လောက = ဥပါဒါနက္ခန္ဓာ ၅ ပါး/တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာ မှန်သမျှ/မြင်နေသမျှ တွေ့ကြုံနေသမျှ အားလုံး
ဥတ္တရ = လွန်မြောက်ခြင်း
လောကုတ္တရာ = ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကမှ လွတ်မြောက် လွန်မြောက်သော တရား
လောကုတ္တရာဟု ဆိုရာတွင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟု အကျဉ်းအားဖြင့် ၃ မျိုး၊ အကျယ်အားဖြင့် “မဂ် ၄ ပါး, ဖိုလ် ၄ ပါး, နိဗ္ဗာန်” - စုစုပေါင်း လောကုတ္တရာ ၉ ပါး ဖြစ်၏။
လောကုတ္တရာစိတ် အကျဉ်းအားဖြင့် ၈ ပါး ရှိရာ -
၁) သောတာပတ္တိမဂ်စိတ်
၂) သကဒါဂါမိမဂ်စိတ်
၃) အနာဂါမိမဂ်စိတ်
၎)အရဟတ္တမဂ်စိတ် ဟူသော မဂ်စိတ် ၄-ပါးကို ‘လောကုတ္တရာကုသိုလ်စိတ်’ ဟု ခေါ်၏။
၅) သောတာပတ္တိဖိုလ်စိတ်
၆) သကဒါဂါမိဖိုလ်စိတ်
၇)အနာဂါမိဖိုလ်စိတ်
၈) အရဟတ္တဖိုလ်စိတ် ဟူသော ဖိုလ်စိတ် ၄-ပါးကို ‘လောကုတ္တရာဝိပါက်စိတ်’ဟု ခေါ်၏။
အထက်ပါ မဂ်ဖိုလ်စိတ်တို့ကို ရရှိရန် ဝိပဿနာတရားကို အားထုတ်ရ၏။
မဂ် - သမ္မာဒိဋ္ဌိ စသော မဂ္ဂရှစ်ပါး (၇-ပါး)အပေါင်း
မဂ္ဂင် - သမ္မာဒိဋ္ဌိ စသော အသီးအသီးသော အစိတ်အင်္ဂါ
မဂ်စိတ် - သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး (၇-ပါး) အပေါင်းနှင့် ယှဉ်သော စိတ်
မဂ် - အကြောင်း၊ လမ်း၊ အကျင့်
ဖိုလ် - အကျိုး
ဝိပဿနာတရား အားထုတ်ရာတွင် ရုပ်နာမ်ဟူသော လောကီတရားကို အာရုံပြု၍ ဉာဏ်တဆင့်ထက် တဆင့်တက်ပြီး အထွတ်အထိပ် ရောက်သောအခါ နိဗ္ဗာန်ကို အာရုံပြုသော မဂ်စိတ်ပေါ်၏။
မဂ်စိတ် ဖြစ်ချိန်မှာ စိတ်တစ်ခဏ တစ်ချက်ခန့်သာ ကြာပြီး၊ သက်ဆိုင်ရာ ကိလေသာများကို အကြွင်းမဲ့ အပြီးသတ် ပယ်သော ကိစ္စကို ဆောင်ရွက်၏။ နောက်တဖန် ပယ်စရာ ကိစ္စ မရှိတော့သဖြင့် တစ်ကြိမ်သာ ဖြစ်၏။
ဤကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၌ မဂ်စိတ်သည် တစ်ကြိမ်သာ ဖြစ်ပြီး၊ ထပ်ကာ ထပ်ကာ မဖြစ်ခြင်းကြောင့် လောကုတ္တရာကြိယာစိတ် ဟူ၍ မရှိပေ။
မဂ်စိတ်ဖြစ်ပေါ်ပြီး အခါမလင့် အခြားမရှိဘဲ ဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။
မဂ်က အပြီးသတ်ပြီး ငြိမ်းပြီးသော ကိလေသာမီးကို နောက်ထပ် မပေါ်နိုင်အောင် ဖိုလ်စိတ်က ထပ်ပြီး ငြိမ်းသတ်၏။
မဂ်ရပြီးသူများ နိဗ္ဗာန်ချမ်းသာကို အထပ်ထပ် ခံစားနိုင်ရန် ဖိုလ်စိတ်က တာဝန်ယူ၏။ ဤကဲ့သို့ ဖိုလ်စိတ်ဖြစ်စေခြင်းကို ဖလသမာပတ်ဝင်စားခြင်း၊ ဖိုလ်ဝင်စားခြင်းဟု ခေါ်၏။
+++++
ပထမဆုံး ရရှိသော မဂ်စိတ်ကို သောတာပတ္တိမဂ်စိတ်၊ ဖိုလ်စိတ်ကို သောတာပတ္တိဖိုလ်စိတ်ဟု ခေါ်၏။
ထိုပုဂ္ဂိုလ်မှာ အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီး သောတာပန်ဟု ခေါ်၏။
သောတာပတ္တိမဂ်သည် ဒိဋ္ဌိ-အယူမှား နှင့် ဝိစိကိစ္တာ-ယုံမှားတွေးတောမှု ကိလေသာ ၂-မျိုးကို ပယ်၏။
သောတာပန်ဖြစ်ပြီးသူသည် ငါးပါးသီလကို ဘယ်တော့မှ မချိုးဖောက် မဖျက်တော့ဘဲ မြဲမြဲကြီး ထိန်း၏။
အပါယ်လားစေသော အကုသိုလ်တို့ကို မပြုလုပ်တော့သဖြင့် အပါယ်လေးဘုံသို့ မကျရောက်တော့ဘဲ ပဋိသန္ဓေအားဖြင့် လူ့ဘုံ နတ်ဘုံ ၇-ဘဝသာ သံသရာလည်တော့၏။
သောတာပတ္တိမဂ်စိတ် = အရိယာမဂ်တည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်နှင့် ယှဉ်သော စိတ်။
သောတာပတ္တိဖိုလ်စိတ် = အရိယာမဂ်တည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာ ရောက်ခြင်း၏ အကျိုးဖြစ်သော စိတ်။
+++++
သောတာပန်ဖြစ်ပြီးနောက် ဆက်၍ ဖြစ်စေ၊ ကာလခြား၍ ဖြစ်စေ ဝိပဿနာတရားကို ဆက်လက် အားထုတ်ပြီး ဉာဏ်အဆင့်ဆင့် တက်ကာ နောက်ထပ် မဂ်စိတ်တစ်ခု ပေါ်ပြီး၊ နောက်က ဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။
ထိုအခါ စိတ်ကို သကဒါဂါမိမဂ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်ဟု ခေါ်ပြီး၊ ထိုပုဂ္ဂိုလ်ကို သကဒါဂမ်ပုဂ္ဂိုလ်ဟု ခေါ်၏။
သကဒါဂါမိမဂ်က နောက်ထပ် ကိလေသာများကို အထူး မပယ်သော်လည်း ကျန် ကိလေသာများကို ပါးအောင် နည်းအောင် လုပ်၏။ ပဋိသန္ဓေအားဖြင့် လူ့ပြည်သို့ တစ်ကြိမ်သာ ပြန်လာတော့၏။
သကဒါဂါမိမဂ်စိတ် = ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ တစ်ကြိမ်လာတတ်သော ပုဂ္ဂိုလ်၏ မဂ်နှင့် ယှဉ်သော စိတ်။
သကဒါဂါမိဖိုလ်စိတ် = ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ တစ်ကြိမ်လာတတ်သော ပုဂ္ဂိုလ်တွင်ဖြစ်သော မဂ်၏ အကျိုးဖြစ်သော စိတ်။
+++++
သကဒါဂမ်ပုဂ္ဂိုလ်ဖြစ်ပြီး ဝိပဿနာတရားကို ဆက်လက် အားထုတ်၍ အောင်မြင်လျှင် တတိယမဂ်စိတ်၊ နောက်က တတိယ ဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဖြစ်ပေါ်၏။ တတိယမဂ်စိတ်ကို အနာဂါမိမဂ်စိတ်၊ တတိယဖိုလ်စိတ်ကို အနာဂါမိဖိုလ်စိတ်ဟု ခေါ်၏။ ထိုပုဂ္ဂိုလ်ကို အနာဂါမ်ပုဂ္ဂိုလ်ဟု ခေါ်၏။
အနာဂါမိမဂ်ရသောအခါ ကာမဂုဏ် အာရုံအမျိုးမျိုး ‘ကာမရာဂ’နှင့် ‘ဗျာပါဒ’ (ဒေါသ)တို့ကို အကြွင်းမဲ့ ပယ်၏။ ‘ဒေါသ’ဟု ဆိုရာ၌ အဘိဓမ္မာတွင် ကြောက်ခြင်းကိုလည်း ဆုတ်နစ်သော ဒေါသအဖြစ် ယူရ၏။
အနာဂါမ်ပုဂ္ဂိုလ်၌ ကြောက်လန့်ခြင်း၊ စိတ်ဆိုးခြင်းတို့ မရှိတော့ပေ။
အနာဂါမိမဂ်စိတ် = ပဋိသန္ဓေအားဖြင့် ဤကာမဘုံသို့ မလာတတ်သော ပုဂ္ဂိုလ်၏ မဂ်နှင့် ယှဉ်သော စိတ်။
အနာဂါမိဖိုလ်စိတ် = ပဋိသန္ဓေအားဖြင့် ဤကာမဘုံသို့ မလာတတ်သော ပုဂ္ဂိုလ်တွင် ဖြစ်သော မဂ်၏ အကျိုးဖြစ်သော စိတ်။
+++++
အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပြီး ဝိပဿနာတရားကို ဆက်လက် အားထုတ်၍ အောင်မြင်ပြန်သော် စတုတ္ထမဂ်စိတ်=အရဟတ္တမဂ်စိတ်၊ နောက်က စတုတ္ထဖိုလ်စိတ်=အရဟတ္တဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဖြစ်ပေါ်၏။ ထိုပုဂ္ဂိုလ်ကို ရဟန္တာဟု ခေါ်၏။
ရဟန္တာဖြစ်သောအခါ ကျန်ကိလေသာအားလုံး ပယ်၏။ ပူဇော်အထူးကို ခံယူထိုက်၏။
အရဟတ္တမဂ်စိတ် = ပူဇော်အထူးကို ခံထိုက်သော ရဟန္တာပုဂ္ဂိုလ်၏ အဖြစ်၏ အကြောင်းဖြစ်သော မဂ်နှင့် ယှဉ်သော စိတ်။
အရဟတ္တဖိုလ်စိတ် = ပူဇော်အထူးကို ခံထိုက်သော ရဟန္တာပုဂ္ဂိုလ်၏ အဖြစ်ဟူသော အကျိုးဖြစ်သော စိတ်။
ဤကဲ့သို့ အဆင့် ၄-ဆင့်၊ မဂ်အခိုက် တစ်ယောက်၊ ဖိုလ်အခိုက်၌ တစ်ယောက်၊ အရိယာပုဂ္ဂိုလ် ၈-ယောက် ဖြစ်၏။
+++++
လောကီစိတ် ၈၁-ပါး နှင့် လောကုတ္တရာစိတ် အကျဉ်း ၈-ပါး ပေါင်းသော် စိတ်အကျဉ်း ၈၉-ပါး ရ၏။
+++++
လောကုတ္တရာစိတ် အကျယ် ၄၀
ရူပါဝစရဈာန် ၅-ပါးတွင် ဈာန်အင်္ဂါပေါ်မူတည်၍ ဈာန် ၅-ပါး ကွဲပြားသကဲ့သို့ ဈာန်အင်္ဂါ စေတသိက် ၅-ပါးနှင့် ယှဉ်၍ ဖြစ်ပေါ်သော မဂ်စိတ်ကို ပထမဈာန်မဂ်စိတ်ဟု ခေါ်၏။ ဈာန်အင်္ဂါ စေတသိက် ၄-ပါးနှင့် ယှဉ်၍ ဖြစ်ပေါ်သော မဂ်စိတ်ကို ဒုတိယဈာန်မဂ်စိတ်၊ ဈာန်အင်္ဂါ စေတသိက် ၃-ပါးနှင့် ယှဉ်၍ ဖြစ်ပေါ်သော မဂ်စိတ်ကို တတိယဈာန်မဂ်စိတ် စသည် ခေါ်၏။
ဈာန်စိတ်သည် မဂ်စိတ် မဟုတ်သကဲ့သို့၊ မဂ်စိတ်သည်လည်း ဈာန်စိတ် မဟုတ်ပေ။
ဈာန်သည် ဈာန်၊ မဂ်သည် မဂ်ဖြစ်၏။
ဈာန်ကဲ့သို့ ယှဉ်၍ ဖြစ်သော အင်္ဂါပေါ် မူတည်၍ ၅-မျိုးကွဲပြားရာ လောကုတ္တရာစိတ် အကျဉ်း ၈-ပါးဖြင့် မြှောက်ပွားသော် လောကုတ္တရာစိတ် အကျယ် ၄၀ ဖြစ်၏။
ပထမဈာန် သောတာပတ္တိမဂ်စိတ်၊ ပထမဈာန် သောတာပတ္တိဖိုလ်စိတ်၊ .......၊ ပဉ္စမဈာန် အရဟတ္တဖိုလ်စိတ် စသည်တို့တည်း။
လောကီစိတ် ၈၁-ပါးနှင့် လောကုတ္တရာစိတ် အကျယ် ၄၀ ပေါင်းသော် စိတ်အကျယ် ၁၂၁-ပါး ဖြစ်၏။
+++++
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် စနေနေ့ တွင် လောကချမ်းသာဘုရားကျောင်း၌ ညနေ ၄း၀၀-၅း၀၀ နာရီ ၈-ပတ်မြောက် အဘိဓမ္မာသင်တန်း ပြီးသောအခါ လောကချမ်းသာ စနေနေ့ ညနေ တရားပွဲကို အရှင်ဝဏ္ဏိတက ၂၀၀၉ ခု နိုဝင်ဘာလ ၁၄ ရက် စနေနေ့ တရားအဆက်ဖြစ်သော “အိမ်တွင်းမဂ္ဂင် လူကျင့်စဉ်”တရားတော်ကို ဟောကြား၏။
‘သရဏဂုံ၊ စိတ်ဝယ်ထုံ၊ လုံခြုံအေးမြသည်’
‘ငါးပါးသီလ၊ စောင့်ထိန်းက၊ ဘဝခန္ဓာလုံခြုံသည်’ ဟူသော သရဏဂုံနှင့် သီလအကြောင်းများကို ဝတ္ထု သာဓကများ ထုတ်ဆောင်၍ စိတ်ဝင်စားဖွယ် ဟောကြားသွား၏။
http://lokachantha.blogspot.com/2009/12/blog-post_15.html
တရား မဟောကြားမီ ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်းတို့ကို ပြုလုပ်ကြ၍ တရားဟောပြီးသောအခါ ၁၀-မိနစ်ခန့် တရားရှုမှတ်ကြကာ ကောင်းမှု ကုသိုလ် အစုစုတို့ကို သတ္တဝါ အားလုံးတို့အား အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment