Friday, April 29, 2016

ထမင်းဝိုင်းယဉ်ကျေးမှု (餐桌礼仪 )


ထမင်းဝိုင်းယဉ်ကျေးမှုနဲ့ပတ်သက်ပြီး သိတဲ့သူလည်းရှိသလို မသိသေးတဲ့သူတွေလည်း ရှိကောင်းရှိပါမယ်။ ကိုယ့်ရဲ့မထင်မှတ် သတိမထားတဲ့အချက်တွေကြောင့် သူတစ်ပါးတမျိုးထင်သွားနိုင်တယ်။
တရုတ်တွေက ထမင်းစားပွဲအ၀ိုင်းကိုပိုပြီးသဘောကျကြတယ်။ လူအများကြီးလည်းထိုင်နိုင်သလိုအားလုံးနဲ့လည်းမျက်နှာချင်းဆိုင်ဖြစ်နေတယ်။
ကိုယ်ကဧည့်သည်ဆိုရင် အိမ်ရှင်အခေါ်ကိုစောင့်ပြီးနေရာညွှန်ပြတာကိုစောင့်သင့်ပါတယ်။
ကိုယ်ကအိမ်ရှင်ဆိုရင် ဧည့်သည်ကို ဟင်းပွဲချတဲ့နေရာအနီးမှာ နေရာမချပေးသင့်ပါ။
တကယ့်အခမ်းအနားတွေမှာကျွေးတဲ့ စားပွဲတွေဆိုရင် ဟင်းပွဲတွေကတစ်ခါတည်းမချပါဘူး. တစ်မျိုးပြီးမှတစ်မျိုးချပါတယ်။ စားတဲ့အခါမှာ ပေးထားတဲ့ပန်းကန်ပြားပေါ်စားစရာတင်ပြီးမစားရပါ။ ပန်းကန်လုံးကိုသာ သုံးရပါတယ်။ စားတဲ့အခါမှာလည်း ဟင်းရည်သောက်တာကလွှဲရင် တူနဲ့ပဲစားကြပါတယ်။
တူကိုကိုင်ပြီးလည်း သူများကိုအချက်ပြတာဖြစ်ဖြစ် ညွှန်ပြတာဖြစ်ဖြစ်မလုပ်ရပါဘူး။ နောက်ပြီး ထမင်းပန်းကန်ထဲကို တူစိုက်မထည့်ရပါဘူး အမင်္ဂလာလို့ယူဆပါတယ်။
( အသုဘမှာ သေတဲ့သူအတွက်ထမင်းပွဲပြင်ပေးတဲ့အခါမှာ တူကိုအဲ့လိုထမင်းပန်းကန်ထဲစိုက်ထားလေ့ရှိပါတယ်)
တူနဲ့ကိုယ်ယူမယ့်ဟင်းပန်းကန်ထဲမှာမွှေနေတာလည်း မယဉ်ကျေးတဲ့အပြုအမူတစ်ခုပါ။
အခါးရည်(ရေနွေးကြမ်း)ငဲ့တဲ့အခါမှာ အကြမ်းအိုးနဲ့အနီးဆုံးလူက တာဝန်ယူကြပါတယ်။ ကြီးစဉ်ငယ်လိုက်ပေးပြီး နောက်ဆုံးမှ ကိုယ့်အတွက်ငဲ့ရပါတယ်။ ကိုယ့်ကို အကြမ်းခွက်ချပေးတဲ့အခါမှာ အချို့က လက်ညှိုးနဲ့စားပွဲတစ်ချက်ခပ်ဖွဖွခေါက်ပါတယ်။ ကိုယ့်ကိုငဲ့ပေးတဲ့သူကို ကျေးဇူးတင်ခြင်းနှင့်အရိုအသေပေးခြင်းဆိုတဲ့သဘော။
တံခါးနဲ့မျက်နှာခြင်းဆိုင်ကျတဲ့နေရာဖြစ်ဖြစ် အုတ်နံရံနဲ့ကပ်ရပ်မှာဖြစ်ဖြစ်အဓိကနေရာသတ်မှတ်ပြီးအများအားဖြင့် အိမ်ရှင်(ဒါမှမဟုတ်)ဧည့်ခံတဲ့သူကထိုင်ရပါတယ်။
အိမ်ရှင်ရဲ့ညာဘက်မှာ အဓိကဧည့်သည်ကိုနေရာချပေးပြီး ဘယ်ဘက်မှာဆိုရင်ဒုတိယအရေးပါတဲ့ဧည့်သည်ကိုနေရာပေးကြပါတယ်။
ကိုယ်ကဧည့်သည်ဆိုရင် စားပွဲထိုးတွေကိုဟိုမှာဒီမှာ ဟိုယူခိုင်းဒီယူခိုင်းမလုပ်သင့်ပါ။
အိမ်ရှင်အနေနဲ့ လက်နဲ့ဖဲ့စားမှပိုအဆင်ပြေတဲ့ ပုစွန်တွေ ဂဏန်းတွေ ၀က်နံရိုးတွေကို လျှော့မှာသင့်တယ်။
ဟင်းဝိုင်းလှည့်တဲ့အခါမှာ ညာဘက်ကထိုင်တဲ့အဓိကဧည့်သည်ကို အရင်ယူပါစေ။ စားပွဲကိုလှည့်တဲ့အခါမှာလည်း နာရီလက်တံအတိုင်းလှည့်(ညာဘက်)ရပါတယ်။ ပြောင်းပြန်မလှည့်ရပါ။

No comments:

Post a Comment