Wednesday, December 10, 2014

နိဗ္ဗာန်ဆိုသည်မှာ

http://www.dhammaweb.net/notes/view.php?id=528
နိဗ္ဗာန်´ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေး ရည်မှန်းချက် ဖြစ်ပေသည်။ မဟာယာန နှင့် ထေရ၀ါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲ သကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်၎င်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍၎င်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် `နိဗ္ဗာန်´ ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။ နိဗ္ဗာန် သည် အဘိဓမ္မာ တွင် အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ပါတယ်။ ယင်း အစစ်အမှန်တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့်လည်း နိဗ္ဗာန် အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေးအခေါ်ပညာရှင်များ ၊ ဘာသာဝင်များကြားတွင်ပါ စိတ်ဝင်စားစရာ ထင်ရှားလာရပါတယ်။ သို့သော် ရှိသမျှသော သမိုင်းတလျှောက် အဓိပ္ပါယ် ဖွင့်ဆိုမှုများသည် နိဗ္ဗာန် ဟူသည်မည်သည့် အရာဖြစ်ကြောင်း တိကျရှင်းလင်းသော အဖြေသို့ မရောက်ခဲ့ကြပါ။ ထိုသို့ ဖြစ်ရခြင်းမှာ 1. ကျမ်းပြုသူ အသုံးပြုသော ဘာသာစကားတွင် ကန့်သတ်ချက်ရှိနေသောကြောင့် ဖြစ်သည် ။ 2. ကျမ်းပြုသူ ကိုယ်တိုင် နိဗ္ဗာန် ကို မျက်မှောက်ပြုသည်အထိ ကျင့်ကြံအားထုတ်မှုမရှိသောကြောင့် ဖြစ်သည်။ 3. ကျင့်ကြံအားထုတ်သော်လည်း နိဗ္ဗာန်နှင့် ထပ်တူထပ်မျှ နှိုင်းယှဉ်ပြစရာ မည်သည့်အရာမှ မရှိသောကြောင့်လည်း ဖြစ်ပါသည်။ တဏှာကုန်ဆုံးရာနိဗ္ဗာန် နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းသတ်သည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။ နိဗ္ဗာန်သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥပခါပြုခြင်းကဲ့သို့ သံသရာ နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တက်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘ၀တစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။ နိဗ္ဗာန် နှစ်မျိုး ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။ 1. သဥပါဒသေသ နိဗ္ဗာန် 2. အနုပါဒသေသ နိဗ္ဗာန် တို့ဖြစ်သည်။ သဥပါဒသေသ နိဗ္ဗာန် မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း ရသော နိဗ္ဗာန်ကို သဥပါဒသေသ နိဗ္ဗာန်ဟု ခေါ်သည်။ * ပထမမဂ်ဉာဏ်ရသော သောတာပန်သည် သောတာပန်ကို မြင်အပ်၊ ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။ * ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမ်ကို မြင်အပ်၊ ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။ * တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမ်ကို မြင်အပ်၊ ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။ အနုပါဒသေသ နိဗ္ဗာန် သေပြီးနောက် ဘ၀မကူးတော့ပဲ ရအပ်သော နိဗ္ဗာန်ကို အနုပါဒသေသ နိဗ္ဗာန်ဟု ခေါ်သည်။ * စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ၀င်စား၍ နေနိုင်၏။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘ၀တစ်ဖန် ပြန်မဖြစ်တော့သည့် အနုပါဒသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။ နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ 1. မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော) 2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော) 3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော) 4. ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ) 5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော) 6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ) 7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော) 8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ) 9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ) 10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ) 11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ) 12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ) 13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ) 14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ) 15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ) 16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ) 17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ) 18. ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ) 19. ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ) 20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ) 21. သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ) 22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ) 23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ) 24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ) 25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ) 26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော) 27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော) 28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော) 29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော) ဆင်တူဝေါဟာရ နှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန် ၏ ဂုဏ်ပုဒ်များမှာ - ကံ၊စိတ်၊ဥတု ၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘ၀ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ဒီဃနိကယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )တွင်းမှ ဂုဏ်ပုဒ်များဖြစ်သည် ။ သဠာယတန - သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။ ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည် ။ အဂ္ဂသာဝကကြီးများ ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။ တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း ၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရပါသည်။ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။[2] မိလိန္ဒမင်းနှင့် အရှင်နာဂသိန် တို့၏ အမေး အဖြေ ထေရ် - မင်းကြီး ၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏ ။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။ မင်း - ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။ ထေရ် - မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏ ။ မနောဝိညဉ်ဖြင့် သိအပ်၏ ။ စင်ကြယ်မြင့်မြတ်သော ၊အနှောက် အယှက် အပိတ်အပင် ကင်းသော ၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင် ၊မြင်နိုင်သည်။ မင်း - အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း ။ ထေရ် - မင်းကြီး ၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော ။ မင်း - ရှိပါသည် ၊ အရှင် ။ ထေရ် - လေသည် အဆင်း ၊ ပုံသဏ္ဍာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း ။ မင်း - လေကို ညွှန်ပြ ၊ဖော်ပြရန် မဖြစ်နိုင်ပါ ။ ထေရ် - သို့ဆိုလျှင် လေမရှိသလော ၊ လေသည် မရှိတရားလော။ မင်း - လေသည် ရှိပါ၏ ။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည် ။ နှာသီးဝ၌ တိုးနေပါသည် ။ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါသည်။ ထေရ် - မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၄င်း ၊ ပုံသဏ္ဍာန် အားဖြင့် ၄င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။ မင်း - လက်ခံပါပြီ ဘုရား ။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ်ရှိပါသလော။ ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။ မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား ၊ နိဗ္ဗာန် သည် မရှိနိုင် ၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။ ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏ ။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။ ဥပမာ - မီးသည် ထင်ရှားရှိ၏ ။ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ၀ါးနှစ်လုံးပွတ်မှ မီးဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်၏။ စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ ၊ မိဘုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏ ။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန်၏ ။ မင်း - လက်ခံပါပြီ ဘုရား ။ ။ လောကမှာ အကြင်လင်မယားရယ်လို့ အများလက်ခံအတည်ပြုနိုင်ကြသော ဇနီးမောင်နှံများစွာရှိတာကို မြင်တွေ့သိသာပါတယ်။ လင်မယားအရာမြောက်ကြပြီဟု အများက လက္ခံအသိအမှတ်ပြုရန် (တစ်နည်းဆိုသော်တရားဝင်လင်မယားအရာရောက်ရှိရန်) ဓလေ့ထုံးတမ်းစဉ်လာ တစ်ရပ်ရပ်အတိုင်းလိုက်နာဆောင်ရွက်ပြီးဖြစ်ရပါတယ်။ ဥပမာ ပဋ္ဋိဥဉ်ပြုခြင်းစသည်တို့တွင် ကတိက၀တ်ပြုပြီးသည်နှင့်တစ်ပြိုင်နက် အဆိုပါလင်မယားတို့၌ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းထွေထွေထူးထူးမရှိသော်လည်း လင်မယားအရာစတင်ရောက်သွားပြီး (တစ်ဦးကိုတစ်ဦးချစ်ခင်နှစ်သက်၍သာယာပျော်ရွှင်ကြမည်ဟုလည်းထင်တတ်ကြ၍ ပေါင်းသင်းရန်ကြိုးပမ်းကြခြင်းဖြစ်သော်လည်း) လင့်ဝတ်တရား၊ မယားဝတ်တရားစသော တာဝန်တို့ပါပူးတွဲပါရှိသွားပြီးဖြစ်ပါသည်။ (အဆိုပါတာဝန်တို့သည်ကား လွယ်ကူကြည်ဖြူစွာထမ်းဆောင်နိုင်မည်ထင်တတ်ကြသော်လည်း အချိန်အခါနေရာဒေသအခန့်မသင့်သောအခါ ငြူစူဆင်းရဲပင်ပမ်းစေသောတာဝန်များဖြစ်ကောင်းဖြစ်လာတတ်ပါသည်။) ဤသည်ပင် ဘ၀ တဏှာရှိ၍ ဘ၀အသစ်ရရှိတိုင်း ဆင်းရဲဒုက္ခအစစ်အမှန်ဖြစ်ကြောင်းထပ်ချပ်မကွာလိုက်လံပြမည့် ခန္ဓာဝန်ကြီးရသလိုဖြစ်နေပါသည်။ အကြင်လင်မယားတို့ တရားဝင်ကွာရှင်းပြတ်စဲပြီးစီးခြင်းကိုလည်း မြင်တွေ့ဖူးကြပါလိမ့်မည်။ သမုဒယနှောင်ဖွဲ့လျက် မခွဲနိုင်မခွါရက်ဖြစ်နေကြစဉ်ကထက် ရုတ်တရက် ဘာများသိသာထင်ရှား ကွာခြားသွားကြပါသလဲ။ တစ်ဦးအပေါ်တစ်ဦးပြုရန်တာဝန်အနှောင်အဖွဲ့တွယ်ငြိမှုတို့မှ ကင်းလွတ်ခြင်းသာရှိသည်မဟုတ်ပါလော။ (အရမ်းကာရော လိုချင်ကြသူတွေသာမက စိတ်မပါ့တစ်ပါ ဆုံစည်းလာကြသူတို့ပင် ပေါင်းသင်းကြရန်လွယ်သလောက် ရှင်းရှင်းပြတ်ပြတ်ခွဲခွါရန် အနှောင်အဖွဲ့အမျိုးမျိုးကြောင့် ခက်လှပါ၏။ သေလို့ခွဲရသည်ကိုပင် မခွဲနိုင်ကြ။ လာ၍စောင့်ရှောက်နေသည်၊ လူဝင်စားပြန်လာဖြစ်နေပါသည်ဟု သံယောဇဉ် အမြှင်တန်းတတ်ကြသူတွေတွေ့ဖူးကြမည်ထင်ပါသည်။) ဘ၀ အသစ် ခန္ဓာအသစ် ရရန်ရောက်ရန် မမျှော့်လင့်မတမ်းတ မရလိုတာသေခြာပါက သင်သည် သံသရာကျင်လည်ရခြင်းတည်းဟူသော ဖြစ်စဉ်နှင့် ကင်းရှင်းပြတ်စဲပေတော့မည်။ ကျင်လည်နေရခြင်းကို ဆင်းရဲသည်ဟု သတ်မှတ်ပါက ကင်းပြတ်လျှင် ချမ်းသာသည်ဆိုရခြိမ့်မည်၊ ကျင်လည်ရသည်ကို ချမ်းသာထင်ကြပါမူ ရပ်တန့်သွားခြင်းသည်ဆင်းရဲဟုထင်စရာပင် ဖြစ်နေဦးမည်။ Nibbana (နိဗ္ဗာန်ဆိုတာ..) by http://myatcetana.blogspot.com (http://myatcetana.blogspot.com)

No comments:

Post a Comment